ယင်းမာပင်မြို့နယ်အတွင်း ထန်းဇင်ရွာတွင် စစ်ကောင်စီတပ်များက နေအိမ်အတွင်း မွှေနှောက်ရှာဖွေ ခိုးယူပြီး မီးရှို့ဖျက်ဆီးသွား

ယင်းမာပင်မြို့နယ်အတွင်း ထန်းဇင်ရွာတွင် စစ်ကောင်စီတပ်များက နေအိမ်အတွင်း မွှေနှောက်ရှာဖွေ ခိုးယူပြီး မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်းအတွင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက ထန်းဇင်ရွာသို့ ဝင်ရောက်လာပြီး နေအိမ်များအတွင်း မွှေနှောက်ရှာဖွေကာ အဖိုးတန်ပစ္စည်းများကို ခိုးယူသွားပြီးနောက် ကျေးရွာအတွင်း နေရာပေါင်း (၃)နေရာတွင် မီးရှို့ဖျက်ဆီးသွား၍ နေအိမ်တော်တော်များများ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

၂၀၂၂ခုနှစ် မတ်လ(၁၆)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က ယင်းသို့ စစ်ကောင်စီတပ်များက အကြမ်းဖက်သွားခြင်းကြောင့် အိမ်ထောင်စု(၁၄)စု ဒုက္ခရောက်ရပြီး ကောက်ပဲသီးနှံများနှင့် လယ်ယာသုံးပစ္စည်းများ၊ အိမ်မွေးတိရိစ္ဆာန်များ ဆုံးရှုံးနစ်နာခဲ့ရသည်ဟု ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့သည် ရှာဖွေဖျက်ဆီးမှုများ လုပ်ဆောင်သွားပြီးနောက် ရွာမှ ထွက်ခွာကာ အင်ကြင်းတောင် ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ဝင်ရောက်ကာ တပ်စွဲထားသည်ဟုလည်း သိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြမ်းဖက် စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတော်တော်များများတွင် တစ်ရွာဝင် တစ်ရွာထွက်ကာ PDF သံသယဖြင့် နေအိမ်များကို မွှေနှောက်ရှာဖွေကာ ပစ္စည်းများ ခိုးယူသွားခြင်း နှင့် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိသည့်အတွက် ဒေသခံများမှာ ဒုက္ခရောက်နေကြရသည်ဟု ဒေသတွင်းနေသူများထံက သိရသည်။

#TachileikNewsAgency

Photo: ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့