စစ်ကောင်စီက ဖမ်းဆီးပြီး သေဒဏ်ချမှတ်ထားသူများကို ထောင်ဒဏ်တစ်သက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်(၂၂)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ယနေ့ သြဂုတ်လ(၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။
လွတ်ငြိမ်းခွင့်ပြုလိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များတွင် ကိုးကန့်တပ်(MNDAA)၏ တပ်ဖွဲ့ဝင် ( ၂ )ဦး၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၏ တပ်ဖွဲ့ဝင် (၁၆)ဦး ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) ၏ တပ်ဖွဲ့ဝင် (၃)ဦး နှင့် ရက္ခိုင့်တပ်တော်(AA)၏ တပ်ဖွဲ့ဝင် (၁)ဦး စုစုပေါင်း (၂၂)ဦးပါဝင်ကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များအား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိုရှေ့ရှု့ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသည့်ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည် ဟုဆိုကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက နိုင်ငံတဝှမ်းအကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ(၇,၇၄၉)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး နိုင်ငံခြားသား (၁၂၅)ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာထားသည်ကို တွေ့ရသည်။
စစ်ကောင်စီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း(၁၉)မှု ထောင် (၃၃)နှစ်ချထားရာက အမှု(၅)မှုနှင့် ထောင်ဒဏ်(၆)နှစ်ကိုသာ ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်ပြီး သမ္မတကြီး ဦးဝင်းမြင့်ကိုလည်း ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ၃၆/၂၀၂၁ တို့ကိုသာ ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်၍ ဦးဝင်းမြင့်အတွက် အမှု(၆)မှု ကျန်သေးကြောင်း သိရ သည်။
နိုင်ငံ့အာဏာသိမ်းခံထားရသည့် ကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃,၈၅၀)ဦး ရှိခဲ့ပြီး ဖမ်းဆီးခံရသူများမှာလည်း ၂၀၂၃ ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့ထိတိုင် စုစုပေါင်း (၂၄,၁၀၀)ဦးရှိသည့်အပြင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၈) ဦး ရှိပြီဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။