ရန်ကုန်၊ မန္တလေး နှင့် ပြည်မြို့တို့ရှိ ဆေးရုံကြီးတို့မှ လက်ထောက်ဆရာဝန်များ ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှစ၍ လုပ်ငန်းမဝင်တော့ကြောင့် Civil Disobedience campaign စတင်

ရန်ကုန်၊ မန္တလေး နှင့် ပြည်မြို့တို့ရှိ ဆေးရုံကြီးတို့မှ လက်ထောက်ဆရာဝန်များ ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှစ၍ လုပ်ငန်းမဝင်တော့ကြောင့် Civil Disobedience campaign စတင်
ဖေဖော်ဝါရီ 2, 2021 | နိုင်ငံရေးသတင်းများ
By Tachileik News Agency

မန္တလေးမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး၊ ကုတင် (၃၀၀) ဆံ့ သင်ကြားရေးဆေးရုံ၊ ကုတင် (၃၀၀) ကလေးဆေးရုံ၊ ပြည်မြို့ ကုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးနှင့် ရန်ကုန် အထွေထွေရောဂါကုဆေးရုံကြီးတို့မှ လက်ထောက်ဆရာဝန်များက ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှစတင်၍ အလုပ်တာဝန်များ ဆက်လက် လုပ်ကိုင်ခြင်း မပြုတော့ဘဲ Civil Disobedience campaign ကို လုပ်ဆောင်မည်ဟု ကြေညာထားသည်။

“မိမိတို့ camping ၏ အဓိကရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် အပြီးတိုင် အဆုံးသတ်ပြီး ပြည်သူ့ဆန္ဒအရ တင်မြှောက်သော Civilian Government ပြန်လည်စတင်သည်အထိ မိမိတို့၏ဆန္ဒကို ငြိမ်းချမ်းစွာ ဖေါ်ထုတ်ပြသမည်ဖြစ်သည်”ဟု မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ လက်ထောက်ဆရာဝန်များ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား အမြန်ဆုံးပြန်လွှတ်ရန်၊ နိုင်ငံ ရင်ကြားစေ့ရေးအတွက်  ဥပဒေဘောင်တွင်းမှ စေ့စပ်ဆွေးနွေးရန်နှင့် ရွေးကောက်ခံအမတ်များဖြင့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများ အမြန်ဆုံး ပြန်စနိုင်ရန် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှ လက်ထောက်ဆရာဝန်များက တောင်းဆိုထားသည်။

ရွေးကောက်တင်မြှောက်ထားသည့် အစိုးရအဖွဲ့နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား တပ်မတော်က ဖမ်းဆီးထိန်းသိမ်းမှုအား လက်မခံကြောင်းပြသသည့်အနေဖြင့် အစိုးရဝန်ထမ်းများက ပုံမှန်လုပ်ငန်းများ ဆောင်ရွက်ခြင်းအား မလုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သည့်နည်းလမ်းကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

အစိုးရအဖွဲ့နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် နိုင်ငံတော်၏ အာဏာ (၃) ရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွှဲပြောင်းရယူကြောင်းနှင့် နိုင်ငံအား အရေးပေါ် (၁)နှစ်ကြေညာကြောင်း ထုတ်ပြန်ထားပြီးနောက် ယင်းကဲ့သို့ လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Tachileik News Agency