မောင်တောင်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကြောင်း AA အသိပေး

မောင်တောင်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကြောင်း AA အသိပေး

ရခိုင်ပြည်နယ် မောင်တောင်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကြောင်း အာရက္ခတတပ်တော်က ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့က သတင်းထုတ်ပြန်သည်။



မောင်တောမြို့တွင်းမှ ခုခံစစ်ဆင်နွှဲနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်းပြီး ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။



အာရက္ခတပ်တော်သည် မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် မောင်တောမြို့အတွင်းရှိ စစ်ကောင်စီ၏ အဆင့်ဆင့် ခုခံတားဆီးထားသော နေရာများကို တစ်ခုပြီးတစ်ခု ရှင်းလင်းတိုက်ခိုက်ကာ မောင်တောမြို့အတွင်းမှ စစ်ကောင်စီတပ်၏ ခံစစ်နေရာအများစုအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်သည်။





မောင်တောမြို့တွင်း၌ စစ်ကူမဲ့၊ အခြေအနေဆိုးဝါးစွာဖြင့် အစုလိုက် ကစဉ့်ကလျားထွက်ပြေးနေကြသော စစ်ကောင်စီတပ်သားများကို လိုက်လံတိုက်ခိုက်နေသည်ဟုလည်း ဆိုသည်။



ထို့အပြင် ဩဂုတ်လ (၂၇၊၂၈၊၂၉)ရက်နေ့များတွင်လည်း ထပ်မံသိမ်းပိုက်ရရှိထားသော မောင်တောမြို့၏ နေရာအနှံ့အပြားမှ စစ်ကောင်စီနှင့် အကြမ်းဖက် မူဆလင်တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများအပြင် သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။



စစ်ကောင်စီနှင့် အပေါင်းအပါများသည် မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော ၎င်းတို့၏ နခခ (၅) စခန်းအတွင်းသို့ ဆုတ်ခွာသွားပြီး ၎င်းစခန်းမှ လက်နက်ကြီးများအပြင် ဓာတုအဆိပ်ဓာတ်ငွေ့များပါသော ဗုံးများအား အသုံးပြု၍ တိုက်ခိုက်ခြင်းများကို ဩဂုတ်လ (၂၈) ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး မောင်တောမြို့အတွင်းမှ ဆုတ်ခွာထွက်ပြေးနေစဉ်အတွင်း၌လည်း ၎င်းတို့စခန်းချကာ ခုခံစစ်ဆင်နွှဲခဲ့သော တိုက်တာအဆောက်အဦးတို့အား မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။



မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖက်ဆစ်စစ်ကောင်စီနှင့် အကြမ်းဖက် မူဆလင်လက်နက်ကိုင်များမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသော အပြစ်မဲ့အရပ်သား ပြည်သူလူထုများအား အာရက္ခတပ်တော်မှ တိုက်ပွဲများအတွင်း အရေအတွက် နှစ်သောင်းခြောက်ထောင်နီးပါးကို ကယ်ထုတ်ထားနိုင်ခဲ့ပြီးဖြစ်သည်ဟုလည်း သိရသည်။



သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ် နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာ အနီးတို့တွင်လည်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများပြင်းထန်နေသည်ဟု သိရသည်။



စစ်ကောင်စီသည် မောင်ရွှေလေးရေတပ်မကျစေရေးအတွက် စစ်ကူများ၊ လက်နက်အင်အား၊ ရေတပ်စစ်သင်္ဘောအရေအတွက်များကို ထပ်မံဖြည့်တင်းပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အသည်းအသန် ခုခံနေသည်ဟုလည်း ထုတ်ပြန်ထားသည်။



#TachileikNewsAgency

Photo: AA Info Desk