တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ကရင်ပြည်နယ် မြ၀တီမြို့နယ် သင်္ကန်းညီနောင် အခြေစိုက် စစ်ကောင်စီတပ် ခမရ(၃၅၅) တပ်စခန်းအား ပြန်လည်ရရှိရေးအတွက် စစ်ကူလာသော စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များက နှစ်ကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNUထံမှ သိရသည်။
စစ်ကူလာသည့် စစ်ကောင်စီတပ်မှ (၉၇)တပ်ရင်း၊ (၁၀၂)တပ်ရင်း၊ (၁၁၈)တပ်ရင်း၊ (၅၄၆)တပ်ရင်းနှင့် (၃၅၆)တပ်ရင်းများအား KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ၂၀၂၄ ခုနှစ် မတ်လ (၁၅)ရက်နေ့မှ (၂၀)ရက်နေ့အထိ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၁၅)ဦးသေပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီတပ်သားများထံမှ MA-1 (၃)လက်၊ MA-2 (၁)လက်၊ MA-3 (၂)လက်၊ MAS (၁)လက်၊ MA-5 (၁)လက်၊ 38 mm (၁)လက်၊ ၆၀ မမ (ကွန်မန်ဒို) (၁)ပြောင်း၊ စက်လက် နာတိုပြောင်း (၁)ပြောင်း၊ လက်ပစ်ဗုံး (၂၂)လုံး၊ MA ကျည်ဘောက်(၄၀)၊ MA (ကျည်ဘောက် အဝိုင်း) (၁) ဘောက်၊ MA-5 (ကျည်ဘောက်) (၂)ဘောက်၊ ၅.၅၆ (ကပစ) ကျည် (၅၅၀၀)တောင့်၊ ၇.၆၂ (နာတိုကျည်) (၁၀၀၀)တောင့်၊ 38 mm (ကျည်) (၁၆)တောင့်၊ RPG (အသီး) (၉)လုံး၊ RPG (ပို့ယမ်း) (၃)တောင့်၊ ၆၀ မမ (ဗုံးသီး) (၃၀)လုံး၊ ရှေ့ထွက်မိုင်း (၁)လုံး၊ နင်းမိုင်း (အသေး) (၆)လုံး၊ ၆၀ မမ (ပြောင်းထောက်) (၁)ခု၊ ဆက်သွယ်ရေး အားသွင်းစက် (၁)ခုနှင့် စစ်ဦးထုပ် (၁၃)လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း တောာ်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်စုံတစ်ရာ ထိခိုက်ကျဆုံးမှုမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် အရပ်သား(၁)ဦး ထိမှန်သေဆုံးကာ (၃)ဦး ဒဏ်ရာရပြီး နေအိမ်တချို့ ထိမှန်ပျက်စီးသွားကြောင်း သိရသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ မတ်လ(၂၀)ရက်နေ့မှ (၂၅)ရက်နေ့အတွင်း ခမရ (၃၅၅)တပ်စခန်းသို့ ထပ်မံစစ်ကူရောက်လာသော အဆိုပါ တပ်များအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ထပ်မှန်၍ စောင့်ကြိုပစ်ခတ်ရာ စစ်ကောင်စီတပ်သား (၅)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကာ လက်နက်ခဲယမ်းတစ်ချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်(၄)ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA-1 (၁)လက်၊ MA-2 (၂)လက်၊ ၉ လုံးကျည် (၁)လက်၊ ငါးကြင်းမြီး စက်လက် (၁)လက်၊ ၈၁ ပြောင်း (၁)ပြောင်း၊ ၆၀ မမ (ကွန်မန်ဒို) ပြောင်း (၂)ပြောင်း၊ ၈၁ မမ ပြောင်းအထိုင်(၁)ခု၊ နင်းမိုင်း (အသေး) (၇)လုံး၊ ၆၀ မမ (ဗုံးသီး) (၁၈)လုံး၊ ၈၁ မမ (ဗုံးသီး) (၁၄)လုံး၊ RPG ကျည် (၈)လုံး၊ အီနာဂါ(၄)လုံး၊ ချိန်ဆိုက်(၁)ခု၊ ၇.၆၂ (နာတိုကျည်) (၈၀၀)တောင့်၊ ငါးကြင်းမြီး နာတိုပြောင်း(၁)ပြောင်း၊ လက်ပစ်ဗုံး (၁၁)လုံး၊ စစ်ဦးထုပ် (၁)လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ခမရ(၃၅၅) တပ်စခန်းကို တော်လှန်ရေးတပ်များက ပြီးခဲ့သည့် မတ်လ(၇)ရက်နေ့တွင် သိမ်းပိုက်ထားခြင်းဖြစ်သည်။
#TachileikNewsAgency
Photo: Dooplaya District