ရခိုင်ပြည်အတွင်း တနှစ်ကျော်ကြာ ထိုးစစ်အတွင်း မြို့နယ်ပေါင်း ( ၁၄ ) ခု သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးရန် အသင့်ရှိကြောင်း AA ကြေညာ

ရခိုင်ပြည်အတွင်း တနှစ်ကျော်ကြာ ထိုးစစ်အတွင်း မြို့နယ်ပေါင်း ( ၁၄ ) ခု သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးရန် အသင့်ရှိကြောင်း AA ကြေညာ

ရခိုင်ပြည်အတွင်း တစ်နှစ်ကျော်ကြာ မရပ်မနားထိုးစစ်အတွင်း မြို့နယ်ပေါင်း (၁၄)ခု သိမ်းပိုက်ပြီးနောက် စစ်ကောင်စီနှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့မှ စတင်ခဲ့သည့် ရက္ခိုင်ပြည်နယ်အတွင်း AA ၏ ထိုးစစ်များသည် ရခိုင်ပြည်နယ်တွင်းနေ ပြည်သူများ လိုလားသည့် ဆန္ဒနှင့် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးကို အဓိကရည်ရွယ်ပြီး ၊ အဖိနှိပ်ခံ မြန်မာပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် တိုက်ရိုက်အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း အာရက္ခတပ်တော် (AA) က ဆိုသည်။

အာရက္ခတပ်တော် (AA)အနေဖြင့် အဖိနှိပ်ခံ မြန်မာပြည်သူလူထုတရပ်လုံး၏ လိုလားတောင့်တနေသည့် နိုင်ငံရေးမျှော်မှန်းချက်များ အပြည့်အ၀ ရရှိစေရေးအတွက် မားမားမတ်မတ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး ၊ မြန်မာပြည်တွင်းမှ တိုင်းရင်းသားများအားလုံး၏ အကောင်းဆုံးသော ညီအစ်ကို မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သောနှစ်ကာလများ၌လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တက်ကြွသည့် ဦးဆောင်မှုအောက်တွင် တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေး ၊ အကြမ်းဖက်မှုများ ပပျောက်ရေး ၊ အွန်လိုင်းလောင်းကစား (ကျားဖျင်) တိုက်ဖျက်ရေး စသည့် ကဏ္ဍရပ်များတွင် AA အနေဖြင့် ကိုးကန့် ၊ တအောင်း အဖွဲ့အစည်းများနှင့်အတူ “ဟိုင်ဂင်သဘောတူညီချက်” ရရှိသည်အထိ စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းပါဝင်ခဲ့သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် အာရက္ခတပ်တော် (AA)အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း ၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိနေသည်ဟု ဆိုသည်။

ထို့အပြင် ရခိုင်ဒေသအတွင်း ရခိုင်ပြည်သူလူထု အကျိုးရှိစေမည့် ၊ ဒေသဖွံဖြိုးတိုးတက်ရေး အထောက်အကူပြုစေမည့် မည်သည့်ရင်းနှီးမြုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြုပ်နှံရေး လုပ်ငန်းများ ၊ စီမံကိန်းများနှင့် ရင်းနှီးမြုပ်နှံကြသူများ၏ လုံခြုံရေး ၊ အသက်အန္တရာယ်တို့ကို အထူးဂရုစိုက် စောင့်ရှောက်ကာကွယ်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် (AA)က အသိပေးသည်။

ရခိုင်ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြုပ်နှံကြသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၊ စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် AA အနေဖြင့် အဆိုပါ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်ကိုလည်း လိုလားကြောင်းကိုလည်း အသိပေးထားသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံးရှိ ဧရာဝတီတိုင်းနှင့် နယ်နမိတ်ခြင်းထိစပ်နေသည့် ဂွမြို့အား အာရက္ခတပ်တော် (AA)က  အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ၊ ရခိုင်ပြည်နယ်တခုလုံး လွတ်မြောက်စေရန် စစ်တွေ ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့သာ ကျန်ရှိတော့သည်။

#TachileikNewsAgency

#TNA_LE

Photo:AA Info Desk