စစ်ကောင်စီက အဖွဲ့အစည်းအတွင်း ရှုပ်ထွေးမှုဖြစ်အောင် လုပ်ဆောင်နေသည်ဟု KNU ဗဟိုထုတ်ပြန်

စစ်ကောင်စီက အဖွဲ့အစည်းအတွင်း ရှုပ်ထွေးမှုဖြစ်အောင် လုပ်ဆောင်နေသည်ဟု KNU ဗဟိုထုတ်ပြန်
အောက်တိုဘာ 3, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌဟောင်းနှင့် တွေ့ဆုံမှုသည် စစ်ကောင်စီက KNU အတွင်း ရှုပ်ထွေးမှုဖြစ်အောင်လုပ်သည့် လုပ်ရပ်ဖြစ်ကြောင်း KNU ဗဟိုက ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါတွေ့ဆုံမှုသည် အာဏာသိမ်းစစ်ကောင်စီမှ KNU အတွင်း ရှုပ်ထွေးမှုဖြစ်အောင်လုပ်သည့် လုပ်ရပ်ဖြစ်သည့်အပြင် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် တိုက်ပွဲဝင်နေသည့် မဟာမိတ်အင်အားစုများအကြား နားလည်မှုလွဲမှားစေရေးအတွက် လုပ်ဆောင်သော စစ်တပ်၏ အစီအစဉ်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

KNU သည် နိုင်ငံရေးရည်မှန်းချက်အောင်မြင်ရေးအတွက် ဘဝတူတော်လှန်ရေးအင်အားစုများနှင့်အတူ မားမားမတ်မတ်ရပ်တည်နေပြီး တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် (၁၇)ကြိမ်မြောက် KNU ကွန်ကရက်အပြီး ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် First 100 Day: KNU IN NEW ERA သတင်းစာရှင်းလင်းပွဲတွင်လည်း အာဏာသိမ်းစစ်တပ်သည် နိုင်ငံရေးအရ တရားဝင်သည့် စစ်တပ်မဟုတ်သည့်အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် လုံးဝမရှိကြောင်း အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်ဟုဆိုသည်။

KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့်အတူ CEC ဟောင်း ဗဒိုစောရောဂျာခင်၊ ဒူးပလာယာခရိုင် ဥက္ကဌတာဝန်မှ အနားယူထားသည့် ပဒိုစောရွှေမောင်းတို့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပြီးခဲ့သည့် စက်တင်ဘာလ (၃၀)ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

#TachileikNewsAgency