ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်အနီးရှိ ခမရ ၅၉၅ တပ်၏ လုံခြုံရေးဂိတ် တိုက်ခိုက်ခံရ

ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်အနီးရှိ ခမရ ၅၉၅ တပ်၏ လုံခြုံရေးဂိတ် တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ၊ ကော့သောင်းခရိုင် ၊ ခမောက်ကြီးမြို့နယ်အနီးရှိ ခမရ (၅၉၅) တပ်၏ လုံခြုံရေးဂိတ်အား တိုက်ခိုက်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ထံမှ သိရသည်။

ကော့သောင်းခရိုင် ၊ ခမောက်ကြီးမြို့နယ် (၁၈) မိုင်အနီးရှိ ခမရ (၅၉၅)တပ်၏ လုံခြုံရေးဂိတ်ကို ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့ ည (၉) နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲ မိနစ် (၂၀)ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ၊ ခမရ (၅၉၅)တပ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးနေသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ကော့သောင်းမြို့နယ် (ပ.က.ဖ) က ဆိုသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကော့သောင်းမြို့နယ်အတွင်း စစ်ရေးအရှိန်မြင့်မားလာနိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိအမြဲရှိကြရန် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အသိပေးထားသည်။

#TachileikNewsAgency