မြောက်ခင်ရန်းရွာ၌ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး မီးရှို့သတ်ခံရမှု IIMMမှ စစ်ကောင်စီထံ အချက်အလက်တောင်းခံသော်လည်း အကြောင်းမပြန်

မြောက်ခင်ရန်းရွာ၌ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး မီးရှို့သတ်ခံရမှု IIMMမှ စစ်ကောင်စီထံ အချက်အလက်တောင်းခံသော်လည်း အကြောင်းမပြန်

မကွေးတိုင်း၊ မြောက်ခင်ရန်းကျေးရွာ၌ လူငယ်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မျှဝေပေးရန် စစ်ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က တောင်းဆိုထားသော်လည်း စစ်ကောင်စီဘက်က အကြောင်းမပြန်ဟု သိရသည်။

IIMM အနေဖြင့် မကွေးတိုင်း မြောက်ခင်ရန်းကျေးရွာ၌ လူငယ်နှစ်ဦးကို လက်နက်ကိုင်ထားသူများကကြိုးတုပ်၍ သစ်ပင်ပေါ်မှတွဲလောင်းချပြီး အောက်ခြေမှမီးဖိုကာ အရှင်လတ်လတ် မီးရှိသတ်ဖြတ်ခဲ့သည့် အချက်အလက်တောင်းခံမှုကို စစ်ကောင်စီဘက်က တုံပြန်ခြင်းမရှိသည့်အတွက် ယနေ့ ၂၀၂၄ခုနှစ် မေလ (၂၇)ရက်နေ့တွင် မြောက်ခင်ရန်းရွာဖြစ်စဥ်အတွက် အချက်အလက်မျှဝေပေးရန် စစ်ကောင်စီထံ ထပ်မံတောင်းဆိုကြောင်း သိရသည်။

အဆိုပါ လူငယ်နှစ်ဦးအားသတ်ဖြတ်ခဲ့သည့် ဗီဒီယိုဖိုင်သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်း၌ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီး သတ်ဖြတ်ခံရသူများမှာ ဖိုးတေနှင့် သားထောင်ဟုသိရကာ စစ်အာဏာရှင်ဆန့်ကျင်‌ရေးအဖွဲ့တစ်ခုဖြစ်သည့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်။

အဆိုပါသတ်ဖြတ်မှုကို ကျူးလွန်သူများ၊ ၎င်းတို့နှင့် ဆက်စပ်သည့်အဖွဲ့အစည်းများ အပါအဝင် ဖြစ်ရပ်နှင့်ပတ်သက်သည့် အချက်အလက်များကို ဘက်မလိုက်ဘဲ အမှီအခိုကင်းစွာ စိစစ်သုံးသပ်နေပြီး စုံစမ်းစစ်ဆေးမှု၏ တစိတ်တပိုင်းအနေဖြင့် ယန္တရားသည် အဆိုပါဒေသရှိ တပ်များနှင့် တပ်မှူးများအကြောင်း အချက်အလက်များ၊ ထိုလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ပုံနှင့် ဆက်ဆံပုံအခြေအနေများ၊ ဗီဒီယိုတွင်မြင်တွေ့ရသည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှု ကျူးလွန်သူများနှင့် ပတ်သက်သောအချက်အလက်များပေးရန် စစ်ကောင်စီအား တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့်နှင့် သတင်းအချက်အလက်များမျှဝေရန် တောင်းဆိုထားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံတို့၏ ဆုံးဖြတ်ချက်များအတိုင်း ယန္တရားနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က တောင်းဆိုထားသည်။

ယန္တရားသည် စုဆောင်းရရှိသော အထောက်အထားများကို ဓမ္မဓိဋ္ဌာန်ကျကျ စုံစမ်းစစ်ဆေးပြီး အကြီးလေးဆုံး နိုင်ငံတကာရာဇ၀တ်မှုများကို ကျူးလွန်သည့် တာဝန်ရှိသူများအပေါ် အမှုတည်ဆောက်ရာတွင် အသုံးပြုမည်ဟုလည်း ဆိုသည်။

အလွန်ရက်စက် ကြမ်းကြုတ်ပြီး လူမဆန်သည့်ရာဇ၀တ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သူများ အပါအဝင် ကျူးလွန်သူများ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေသည့်သံသရာကို ချိုးဖျက်နိုင်ရေးနှင့် မြန်မာနိုင်ငံသားများအတွက် တရားမျှတမှု ရရှိလာစေရေးသည် IIMM ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအနေဖြင့် ၄င်းတို့ စုံစမ်းစစ်ဆေးနေသော ကြီးလေးသည့်  ရာဇ၀တ်မှုမြောက်များစွာနှင့်  ပတ်သက်သော သတင်းအချက်အလက်များကို မျှဝေပေးရန် စစ်ကောင်စီထံ အကြိမ်ကြိမ် တောင်းခံခဲ့သော်လည်း စစ်ကောင်စီသည် ယနေ့အထိ တောင်းခံမှုများကို တစုံတရာ တုံ့ပြန်ခြင်းမရှိဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား)ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။

#TachileikNewsAgency