ပလက်ဝကို အာဏာသိမ်းစစ်အုပ်စု၏ ကုန်းကြောင်း ရေကြောင်းကနေ အင်အား အလွန်အကျွံသုံးပြီး စစ်ကြောင်းထိုးနေသဖြင့် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်

CDF ပလက်ဝ တပ်ဖွဲ့ဝင်ပုံ [ Photo: CDF ]
CDF ပလက်ဝ တပ်ဖွဲ့ဝင်ပုံ [ Photo: CDF ]
ပလက်ဝကို အာဏာသိမ်းစစ်အုပ်စု၏ ကုန်းကြောင်း ရေကြောင်းကနေ အင်အား အလွန်အကျွံသုံးပြီး စစ်ကြောင်းထိုးနေသဖြင့် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်

 ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို အာဏာသိမ်းစစ်အုပ်စုက ကုန်းကြောင်း၊ ရေကြောင်းတို့ဖြင့်  အင်အား အလွန်အကျွံသုံးကာ စစ်ကြောင်းထိုးနေခြင်းကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ကြောင်း CDF ပလက်ဝက  ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ကစတင်ကာ အာဏာသိမ်းစစ်အုပ်စုသည် ရခိုင်ပြည်နယ်၊ ‌ကျောက်တော်ဘက်မှတဆင့် ရေတပ်က စစ် သင်္ဘော(၂)စီး အင်အား (၁၀၀) ကျော်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် ပလက်ဝတပ်နယ်မှ ခလရ(၂၈၉)တပ်ကလည်း  ကား(၂) စီးဖြင့် ဆမီးဗျူဟာတပ်ရင်းကို အင်အားဖြည့်နေပြီး ဆမီးမြို့အနီး ရှိကျေးရွာများဖြစ်သော စိုးနီကနောင်၊ ဝါဒိန်၊ ဝါကြတ်ချောင်းတို့ကို အင်အား (၁၂၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။

မတူပီ - ဆမီး - ပလက်ဝ လမ်းမကြီးအကြားရှိ ကျေးရွာများနှင့် ဆမီးချောင်း၊ မီးချောင်း တလျှောက် ကျေးရွာများတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မူကြောင့် အချိန်မရွှေးတိုက်ပွဲဖြစ်နိုင်သဖြင့် ဒေသခံများ အသွားအလာ သတိရှိရန် အသိပေးထားသည်။

ပလက်ဝဒေသသည် CDF ပလက်ဝအပြင် ရက္ခိုင့်တပ်တော် (AA)တပ်ဖွဲ့များလည်းရှိနေပြီး လက်ရှိတွင် စစ်အုပ်စုက AA နှင့် လူသားချင်းစာနာထောက်ထားမှုဖြင့် အပစ်ရပ်ထားသည်။