မောခီးစခန်းသိမ်း တိုက်ပွဲတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူးကို ဖမ်းဆီးရမိ

မောခီးစခန်းသိမ်း တိုက်ပွဲတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူးကို ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ မောခီးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်စဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီစစ်ကြောင်းမှူးနှင့် တပ်ကြပ်တစ်ဦးကို ထပ်မံ ဖမ်းဆီးရမိကြောင်း KNU က ယနေ့မတ်လ(၂၅)ရက်တွင် သတင်းထုတ်ပြန်လာသည်။

KNLA က မောခီးစခန်းတိုက်ခိုက်သိမ်းယူချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ တစ်ယောက် သေဆုံးပြီး တစ်ယောက်ကို ဖမ်းမိခဲ့သည်။

ထို့နောက် ထွက်ပြေးသွားသော စစ်ကောင်စီ၏ တပ်များကို KNLA ၏ ဒုဗိုလ်မှူးကြီး စောဘူးဖေါမှ အစီအစဉ် ချမှတ်၍ လိုက်လံဖမ်းဆီးခဲ့ရာ မတ်လ(၂၂) ရက်တွင် စစ်ကောင်စီတပ်၏ ခမရ - ၅၅၅ စစ်ကြောင်းမှူး စန်းယုနှင့် တပ်ကြပ် တစ်ဦးကို ထပ်မံဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မတ်လ (၂၁)ရက်နေ့က KNLA တပ်မဟာ(၆)လက်အောက်ခံ တပ်ရင်း(၂၀၁)နှင့် DKBA တို့ စုပေါင်း၍ မောခီးစခန်းကို တိုက်ခိုက်သိမ်းယူပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များသည် ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်မှု နေစဉ်ပြုလုပ်ခဲ့‌ကြောင်း သိရသည်။