စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ကပေါင်းကျရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်အား ရိက္ခာပို့ပေးနေသည့် ရွာသားတစ်ဦး ယမန်နေ့က လမ်းတွင် အသတ်ခံရပြီး ယနေ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေ့အထိ အလောင်းကောက်ယူသူ မရှိဘဲဖြစ်နေကြောင်း သိရသည်။
သူက အရင်က မြို့ပေါ်က ကုန်စိမ်းယူပြီး ဆိုင်ကယ်နဲ့ လှည့်ရောင်းတာ။ မရောင်းတာတော့ ကြာပြီ။ သူတို့က ပတ်ဝန်းကျင်နဲ့လည်း သိပ်အရောမဝင်ဘူး။ ရွာကို စစ်သားတွေလာတိုင်း တစ်ရွာလုံးပြေးလည်း သူတို့သားအဖက မပြေးကြဘူး။ စစ်တပ်ကို ဈေးဝယ်ပေးနေတာ
ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၉)ရက်နေ့တွင် ပြောသည်။
အဆိုပါ ကပေါင်းကျရွာသား အသက် (၅၀) ဝန်းကျင် သိန်းဆွေ (ခ) အီကိုသည် ကပေါင်းကျရွာအနီး သစ္စေကုန်းနှင့် ပေကုန်းကြား လမ်းမတွင် ယမန်နေ့က အသတ်ခံရခြင်းဖြစ်ပြီး မည်သူက သတ်သည်ကို မသိရကြောင်း သိရသည်။
အာဏာသိမ်းတပ်အား ရိက္ခာပံ့ပိုးသူရွာအနီးဝန်းကျင်တွင် အသတ်ခံထားရ၍ မိမိတို့ကျေးရွာများကို အာဏာသိမ်းတပ်က ဝင်ရောက်ဖျက်ဆီး၊ အကြမ်းဖက်မည်ကို အနီးဝန်းကျင်ကျေးရွာများက စိုးရိမ်ကြောက်လန့်နေကြရပြီး အလောင်းကိုလည်း ကောက်မည့်သူမရှိဖြစ်နေကြောင်း သိရသည်။
အဆိုပါကျေးရွာများ အနီးဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်နှင့် ရဲတို့က အမြဲလှည့်ပတ်သွားလာ ရှာဖွေမှုများ ပြုလုပ်နေသော်လည်း အလောင်းကို ကောက်ယူခြင်းမရှိသေးဘဲ ကပေါင်းကျကျေးရွာမှ နေအိမ်များကို ယနေ့ မီးဆက်ရှို့နေကြောင်း သိရသည်။
ရွာထဲမှာ မီးရှို့နေတာတွေ ဒီနေ့လည်း ထပ်တွေ့ရတယ်
ဟု ဒေသခံတစ်ဦးက ပြောသည်။
ကပေါင်းကျကျေးရွာကို အာဏာသိမ်းစစ်တပ်က (၉) ကြိမ်မြောက်စီးနင်းမှုအဖြစ် အောက်တိုဘာလ (၁၇) ရက်နေ့ကတည်းက ရွာတွင်း တပ်စွဲထားသဖြင့် ကျေးရွာဒေသခံများအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရပြီး အာဏာသိမ်းတပ်ကလည်း ရွာတွင်းနေအိမ်များကို နေ့စဉ် မီးရှို့နေခြင်းဖြစ်သည်။
အာဏာသိမ်းစစ်တပ်သည် ယမန်နေ့က စစ်ကိုင်းတိုင်းအတွင်း ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် ပျံဝဲ၍ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အပြင် တပ်အင်အားဖြည့် ပို့ဆောင်ခြင်းကိုလည်း လုပ်ဆောင်သည်ကို တွေ့ရသည်။