ထားဝယ်မြို့တွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် စစ်ကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရ

ထားဝယ်မြို့တွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် စစ်ကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် စစ်ကောင်စီတပ်သားများ လိုက်ပါစီးနင်းလာသည့် စစ်ကားအား တော်လှန်ရေးအင်အားစုများမှ ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက် ရေးလမ်းပေါ်တွင် စစ်ကောင်စီတပ်သားများ လိုက်ပါစီးနင်းလာသည့် ကားအား ၂၀၂၄ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့ နံနက် (၈)နာရီဝန်းကျင်တွင် တော်လှန်ရေးအင်အားစုများမှ ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

“အခုဖြစ်တဲ့နေရာက ထားဝယ်မြို့ပြင်အထွက်နား မြို့စွန်လိုနေရာမျိုးမှာ ပစ်ခတ်တာတွေ ဖြစ်ခဲ့တယ်လို့တော့ သိပါတယ်”ဟု ထားဝယ်မြို့မှ ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအား ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တပ်ခွဲ (၁) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency