ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တို့ကို စစ်ကောင်စီလေတပ်က ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၂)ရက်နေ့ နံနက်ပိုင်းတွင် ပေါင်(၅၀၀)ဗုံးကြဲတိုက်ခိုက်သည်ဟု ဒေသခံများထံမှ သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံကျေးရွာကို နံနက်(၉)နာရီဝန်းကျင်တွင် စစ်ကောင်စီလေတပ်က ဗုံး(၄)လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ရသည်။
ထို့အပြင် ပေါက်တောမြို့နယ် သဲခုံကျေးရွာကိုလည်း နံနက်(၃)နာရီဝန်းကျင်တွင် ပေါင်(၅၀၀)ဗုံး နှစ်ကြိမ်ကြဲချသည်ဟု ဆိုသည်။
“စာသင်ကျောင်းနဲ့ နေအိမ်တွေ ပျက်စီးသွားတယ်။ လူတော့ မထိဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်သည် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်ဖြူနှင့် ရသေ့တောင်ဘက်သို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။
အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့သည် စစ်တွေနှင့် ကျောက်ဖြူမြို့အနီးတို့တွင် တိုက်ပွဲများဖြစ်နေသည်။
AA သည် ရခိုင်ပြည်နယ်မှ မြို့နယ်ပေါင်း(၁၄)မြို့နယ်အထိ သိမ်းထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့သည်။
#TachileikNewsAgency