ရန်ကုန်မြို့အတွက် လုံခြုံရေးအသိရှိကြရန် စစ်ခေါင်းဆောင် ပြောဆို

ရန်ကုန်မြို့အတွက် လုံခြုံရေးအသိရှိကြရန် စစ်ခေါင်းဆောင် ပြောဆို

ရန်ကုန်မြို့အတွက် လုံခြုံရေးအသိရှိကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်မြို့ ကုန်းမြင့်သာရှိ အစည်းအဝေးခန်းမ၌ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့ကပြုလုပ်သည့် အစည်းအဝေးတွင် ပြောဆိုသည်။

ရန်ကုန်တိုင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်တို့က ပူးပေါင်းဆောင်ရွက်ကြရန် စစ်ခေါင်းဆောင်က ပြောဆိုခြင်းဖြစ်သည်။

ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း လုံခြုံရေးအသိ၊ လုံခြုံရေးအမြင်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများကို တားဆီးနိုင်မည်၊ လျော့ကျစေနိုင်မည်ဖြစ်ကာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး ၎င်းအဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအသိအမြင်များ အမြဲမပြတ် ရှိနေရမည်ဖြစ်သည်ဟုလည်း ဆိုသည်။

ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် စောင့်ကြည့်နေရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှသာလျင် လုံခြုံရေးသည် ခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုသည်။

အာဏာသိမ်းပြီးနောက် ပြည်သူလူထုကို ဖိနှိပ်နေသည့် စစ်ခေါင်းဆောင်သည် လက်ရှိတွင် ပြည်သူလူထုနှင့် ပူးပေါင်းရေးစကားလုံးများကို တွင်ကျယ်စွာ အသုံးပြုလာနေပြီး ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဟုဆိုကာ ကျေးရွာ၊ ရပ်ကွက်များအတွင်း ဖွဲ့စည်းရန် ကြံစည်နေခြင်းဖြစ်သည်။

#TachileikNewsAgency