အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရာ သေဆုံးသူ (၈၈)ဦး၏ ရုပ်အလောင်းတွေ့ရှိထားပြီး (၃၆)ဦးကို အသက်ရှင်လျက် ကယ်ထုတ်ထားနိုင်ပြီဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၃၀)ရက်နေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။
ငလျင်ကြောင့် ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်များ၊ ရင်ခွင်သစ် KTV၊ ပိုးတန်း ရပ်ကွက်ရှိ ပညာရေးကောလိပ်၊ အ.ထ.က (၁)၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊ မင်းလမ်းရပ်ကွက်ရှိ မြို့မဗလီ၊ မိုးကျဗလီ၊ မွှေးကြူအအေးဆိုင်၊ စက်ချုပ်ဆိုင်၊ စိန်ကုန်းရပ်ကွက်ရှိ လေးကျွန်းမြေအုတ်ကျောင်း၊ ကုန်မာဆိုင်၊ မိုးဇာရပ်ကွက်ရှိ ခရိုင်ပြန် ဆက်ရုံး၊ ဇေယျာကွက်သစ်ရပ်ကွက်ရှိ အင်ကြင်းပင်ကျောင်း၊ တကောင်းရပ်ကွက်ရှိ နေလဂျုံစက်၊ ဆေးရွက်ကြီးပွဲရုံ၊ မြို့သစ်ရပ်ကွက်ရှိ သီလရှင်ကျောင်း၊ သကျမိတာစာသင်တိုက်နှင့် သောတာပန်ရပ်ကွက်ရှိ ထွဋ်ခေါင်ကျောင်း ၊ ရတနာသိင်္ခစာသင်တိုက်၊ ဇမ္ဗူဒီပကျောင်းတိုက်၊ တိုက်ဝါကြီးဘုန်းတော်ကြီးကျောင်းတိုက်တို့အတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စတင်ဖြစ်ပွားချိန်မှ ယခုအချိန်ထိ (၃၆)ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ (၈၈)ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ယနေ့တွင် စစ်ကိုင်းမြို့၊ သကျမိတာသီလရှင်စာသင်တိုက် အဆောက်အဦပြိုကျပျက်စီး၍ ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ သီလရှင်တစ်ပါးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ပျံလွန်တော်မူသည့် သီလရှင်(၃)ပါးရှိသည်ဟု သိရသည်။
စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင် အဆောက်အဦးပြိုကျပျက်စီး၍ ပိတ်မိနေသူများအား ယနေ့တွင် ထပ်မံရှာဖွေကယ်ဆယ်ရာက သေဆုံးသူ(၂)ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။
#TachileikNewsAgency
Photo:Myanmar Fire Services Department