မန္တလေးမြို့တွင် အသံတိတ်သပိတ်၌ ပါဝင်မည့် ပြည်သူများကို အိမ်ထဲကနေ ထွက်လာအောင်  စက်သုံးဆီ အခမဲ့ပေးမည်ဟု ဖျားယောင်းသွေးဆောင်

မန္တလေးမြို့တွင် အသံတိတ်သပိတ်၌ ပါဝင်မည့် ပြည်သူများကို အိမ်ထဲကနေ ထွက်လာအောင်  စက်သုံးဆီ အခမဲ့ပေးမည်ဟု ဖျားယောင်းသွေးဆောင်
ဇန်နဝါရီ 31, 2022 | အခြားဒေသများ

အသံတိတ်သပိတ်ပြုလုပ်မည့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် မန္တလေးမြို့ရှိ ပြည်သူများ နေအိမ်အတွင်းကနေ ထွက်လာရန် ဖျားယောင်းသွေးဆောင်သည့်အနေဖြင့် မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်(၁၅)ဆိုင်က ဆိုင်ကယ်တစ်စီးလျှင် Octane 92 (၁)လီတာနှုန်းဖြင့် အခမဲ့ပေးဝေမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်ကို တွေ့ရသည်။ 

အခမဲ့ပေးမည်ဟု ကြေညာထားသည့် ဆိုင်များမှာ Denko၊ BOC ၊ Asia Energy ကုမ္ပဏီ၊ ရွှေဗျိုင်းဖြူ နှင့် 360' Perto  အပြင် မြပါဝါ စက်သုံးဆီဆိုင်တို့၏ ဆိုင်ခွဲပေါင်း စုစုပေါင်း (၁၅)ဆိုင်ဖြစ်ပြီး  ၂၀၂၂ခုနှစ်  ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၁)နာရီမှ ညနေ(၃)နာရီအထိ အခမဲ့ပေးမည်ဟု အသိပေးထားခြင်း ဖြစ်သည်။

နေအိမ်ပြင်ပမထွက်ခြင်း အသံတိတ်သပိတ်ပြုလုပ်မည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီက နေအိမ်ကနေ ထွက်လာရာ နည်းလမ်းမျိုးစုံဖြင့် ဖျားယောင်းသွေးဆောင်နေရာတွင် ပြိုင်ပွဲများ၊ ပျော်ပွဲများ နှင့် ယခုလို အခမဲ့ပေးသည့် အစီအစဉ်များဖြင့်ပါ လုပ်ဆောင်နေသည်။