တောင်ဒဂုံမြို့နယ်အတွင်း သတ်ခံရသည့် ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူလိမ်များနှင့် ပေါင်းကာ မြေကွက်များ ရောင်းချခဲ့၍ ကျန်ရစ် ဇနီးမှ တာဝန်ယူဖြေရှင်းပေးနေရ

ပုံအညွှန်း - လိမ်လည်ရောင်းချထားသည့် မြေနေရာများ
ပုံအညွှန်း - လိမ်လည်ရောင်းချထားသည့် မြေနေရာများ
တောင်ဒဂုံမြို့နယ်အတွင်း သတ်ခံရသည့် ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူလိမ်များနှင့် ပေါင်းကာ မြေကွက်များ ရောင်းချခဲ့၍ ကျန်ရစ် ဇနီးမှ တာဝန်ယူဖြေရှင်းပေးနေရ

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် တော်လှန်ရေးအဖွဲ့အစည်းများက ပစ်ခတ်ရှင်းလင်းလိုက်ခြင်းကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက သေသွားပြီဖြစ်သည့် ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲညွန့်ဆိုသူသည် လူလိမ်များနှင့်ပေါင်းကာ မြေကွက်ရောင်းချခဲ့ခြင်းကြောင့် ကျန်ရစ်သည့် ၎င်း၏ မိန်းမက တာဝန်ယူဖြေရှင်းပေးနေရကြောင်း ဒေသခံများကပြောသည်။

ပုံအညွှန်း - လိမ်လည်ရောင်းချထားသည့် မြေနေရာများ

သေဆုံးသူ ဦးရဲညွန့်နှင့် တောင်ဒဂုံမြိုနယ်အတွင်းရှိ လူမိုက်များပေါင်းကာ  ပြည်သူပိုင်မြေကွက်(ရေဘုံဘိုင်ကွက်)များ၊ မြေလွတ်နှင့် မြေပိုင်ရှင်ရှိသော်လည်း လာရောက်ထိန်းသိမ်းရန် ကြံ့ကြာနေသည့် မြေကွက်များကို ပါမစ်အတုထုတ်၍ ရောင်းချခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

"ရဲညွန့်က တစ်ကွက်ကို သိန်း(၅၀)ရတယ်။ ကျွန်တော် သိရသလောက်ကတော့ (၅)ကွက်လောက်ရောင်းပြီးပြီ။ အခု ဝယ်ထားသူတွေက ပြဿနာလာရှာတော့ ငွေပြန်ပေးတယ်ကြားတယ်။"ဟု ဒေသခံတစ်ဦးက ‌Tachileik News Agency ကို ပြောသည်။

ပုံအညွှန်း - လိမ်လည်ရောင်းချထားသည့် မြေနေရာများ

အဆိုပါ မြေကွက်လိမ်ရောင်းချသူများမှာ တောင်ဒဂုံမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းများဖြင့် ပေါင်းကာ ရပ်ကွက်များအတွင်းရှိ မြေ လွတ်၊ ဘုံဘိုင်မြေကွက်၊ ပိုင်ရှင်ရှိသည့် မြေကွက်များကို ၎င်းတို့နှင့် ရင်းနှီးသည့် အိုးအိမ်ဝန်ထမ်းများအား ပါမစ်အတုတစ်စောင်လျှင် သိန်း(၂၀)ပေး၍ ပြုလုပ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

"ပလပ်ကွက်တွေ၊ ရေဘုံဘိုင်ကွက်တွေ ရှိတယ်။ အဲ့တာတွေကို ခြံတိုင်စိုက်ပြီး ပါမစ်အတုထုတ်ရောင်းတာ။ အဲဒီပါမစ်က အိုးအိမ်မှာ စစ်ရင်လည်း အမှန်ပဲ။ အခုက အဖွဲ့နဲ့ကို လုပ်နေကြတာ။ အကောင့်တုတွေနဲ့ တင်ရောင်းတယ်။ ကားအကောင်းစားတွေ စီးပြတယ်။ ဝတ်ကောင်းစားလှပုံစံ ဖမ်းပြတယ်။ နောက်တစ်ချက်က သူတို့ရောင်းပြီးမှ ပိုင်ရှင်အမှန် ရောက်လာတာလည်းရှိတယ်။ အဖွဲ့နဲ့ လိမ်စားတာ လူမိုက်တွေလည်းပါတော့ ဘယ်သူမှ မပြောရဲကြဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါမြေကွက်များ၏ ပုံမှန်ဈေးနှုန်းမှာ ၄၀× ၆၀ တစ်ကွက်လျှင် သိန်း(၄၀၀)အထက် ရှိသော်လည်း ကျပ်သိန်း(၃၀၀)ဟုဆိုကာ ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာ Facebook များမှတဆင့် ရောင်းချနေကြခြင်းဖြစ်သည်။

၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲညွှန့် အပါအဝင် ရာအိမ်မှူး နှင့် ရပ်ကွက်(၂၆)ရဲကင်းမှူး တို့ (၃)ဦးသည် စက်မှုဇန် (၂)ထိပ်၊ ကံ့ကော်လက်ဖက်ရည်ဆိုင်တွင် ၂၀၂၂ခုနှစ် ဧပြီလ(၃၀)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်က သေနတ်ဖြင့် ပစ်သတ်ရှင်းလင်းခံရခြင်း ဖြစ်သည်။