မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာရှိ စစ်ကောင်စီ ရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်

မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာရှိ စစ်ကောင်စီ ရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ကြောင်း မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်းထံမှ သိရသည်။

မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ခုနှစ် သြဂုတ်လ (၂၃) ရက်နေ့တွင် မနက် (၈) နာရီခန့်မှ နေ့လယ် (၁)နာရီခန့်အထိ စစ်ကြောင်း (၃) ကြောင်းခွဲကာ လက်နက်ကြီး ၊ လက်နက်ငယ် ၊ Multi Wings ၊ Shar Htoo WAW နည်းပညာတိုက်ခိုက်ရေး Fixed Wings Drone များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီမှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ပြီး တိုက်ပွဲစတင်ချိန်မှစ၍ ရေစကြိုဘက်မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် (၁၈)လုံးခန့် ပစ်ကူပေးခဲ့ကာ နေ့လယ် (၁၂) နာရီဝန်းကျင်တွင် တိုက်လေယာဉ် (၂)စီးဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပြီး ညအချိန်တွင် ကျောက်ရစ်ကျေးရွာ ရဲစခန်းမှ အလောင်း (၄) လောင်းအား သုံးဘီးဆိုက်တွဲပေါ်တင်၍ တိတ်တစိတ် မြေထွက်မြှုပ်ပြီး ၊ သြဂုတ်လ (၂၄) ရက်နေ့ ညနေပိုင်းတွင်လည်း အလောင်း (၃)လောင်း ထပ်မံ မြေထွက်မြှုပ်သည်ဟု ပြန်လည်သိရှိရကြောင်း မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်းမှ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၊ (၂) ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်းနှင့်အတူ ညီနောင်မဟာမိတ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency