စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ငြင်းပယ်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူလူထုကို အားပေးထောက်ခံရန် အာဆီယံအား NUG တိုက်တွန်း

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ငြင်းပယ်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူလူထုကို အားပေးထောက်ခံရန် အာဆီယံအား NUG တိုက်တွန်း
ဇူလိုင် 28, 2024 | 2021 Military Coup

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ငြင်းပယ်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူလူထုကို အားပေးထောက်ခံရန် အာဆီယံအား တိုက်တွန်းကြောင်း (၅၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားထုတ်ပြန်ချက်အရ သိရသည်။

စစ်အုပ်ချုပ်မှုကို တရားဝင်စေရန်ရည်ရွယ်သည့် စစ်အုပ်စုက ကျင်းပပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းစဉ်အား ငြင်းပယ်ပြီး စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းတိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူလူထုကို အားပေးထောက်ခံရန် အာဆီယံအား အမျိုးသားညီညွတ်ရေးအစိုးရမှ တိုက်တွန်းကြောင်း သိရသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် လက်ရှိ မြန်မာနိုင်ငံ၏ ပြဿနာများကို ပြေလည်စေမည် မဟုတ်ဘဲ၊ အခြေအနေများ ပိုမိုရှုပ်ထွေးစေပြီး၊ ဒေသတွင်း မတည်ငြိမ်မှုနှင့် မလုံခြုံမှုများကိုသာ ပို၍ဖြစ်စေနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ဆိုသည်။

မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရေးဆောင်ရွက်ရာတွင် ရေတိုဆေးမြီးတို ဖြေရှင်းနည်းထက် ပြဿနာ၏အရင်းအမြစ်ကို ကုစားသည့် ရေရှည်ခံမည့်ဖြေရှင်းနည်းများကို ဦးစားပေး ရှာဖွေရန် အမျိုးသားညီညွတ်ရေးအစိုးရမှ တိုက်တွန်းကြောင်း သိရသည်။

အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အား ပြန်လည်သုံးသပ်ခြင်းနှင့် အကောင်အထည် ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်အပါအဝင် ထိတွေ့ဆက်ဆံမှုများတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ၎င်း၏ တိုင်းရင်းသားနှင့် အရပ်ဘက်အဖွဲ့အစည်း မိတ်ဖက်များအား မြန်မာနိုင်ငံ နှင့် မြန်မာပြည်သူလူထု၏ တရားဝင်ကိုယ်စားလှယ်များအဖြစ် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် အမျိုးသားညီညွတ်ရေးအစိုးရမှ တောင်းဆိုထားသည်။

စစ်တပ်အပေါ် ဖိအားများ တိုးမြှင့်ရန်နှင့် အရပ်သားပြည်သူများအား ခွဲခြားထားမှုမရှိသော လေကြောင်းတိုက်ခိုက်မှုများကိုတားဆီးရန်အတွက် ဂျက်လေယာဉ်လောင်စာဆီ ကန့်သတ်ချက်များအပါအဝင် စစ်တပ်ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့နှင့် ဆက်စပ်အဖွဲ့အစည်းများအပေါ် ပစ်မှတ်ထားသော အရေးယူပိတ်ဆို့နိုင်ရန် အာဆီယံအား အမျိုးသားညီညွတ်ရေးအစိုးရမှ တိုက်တွန်းကြောင်း သိရသည်။

ဒုက္ခသည်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံအတွင်း စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးခိုလှုံလာသူများအား လက်ခံပေးရန်၊ ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ကူညီပေးရန်တို့အတွက် အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများထံသို့ တိုက်တွန်းရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရမှ ဆိုသည်။

နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လွယ်ကူချောမွေ့စွာ ပို့ဆောင်ပေးရန်နှင့် တိုင်းရင်းသားနှင့် အရပ်ဘက်အဖွဲ့အစည်းများမှတဆင့် ဆောင်ရွက်သည့် နည်းလမ်းများအပါအဝင် စစ်တပ်၏ အတားအဆီးများကို ကျော်လွှားကာ မရှိမဖြစ်လိုအပ်သောအကူအညီများအားလိုအပ်နေသူများထံသို့ တိုက်ရိုက်ပေးပို့နိုင်မည့် ယန္တရားများ ထူထောင်ရန် အာဆီယံအား အမျိုးသားညီညွတ်ရေးအစိုးရမှ တိုက်တွန်းကြောင်း သိရသည်။

အာဆီယံအနေဖြင့် ပြင်ပမိတ်ဖက်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ တောင်းခံမည့် အကူအညီအမျိုးအစားများကို သတ်မှတ်၍ ၂၀၂၃ ခုနှစ် အာဆီယံခေါင်းဆောင်များ၏ ဘုံသဘောတူညီချက်(၅)ရပ်အား အကောင်အထည်ဖော်ဆောင်ခြင်းဆိုင်ရာ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက် အပိုဒ်(၁၇) အား ဆက်လက် အကောင်အထည်ဖော်ဆောင်ရန် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ဆိုသည်။

အကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး တရားမျှတသော အဖြေကို ရှာဖွေနိုင်ရန် အာဆီယံနှင့် အားလုံးသော သက်ဆိုင်သူများနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိနေပြီး ၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့ကို ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံနှင့် အတူတကွ လုပ်ဆောင်နိုင်ကြမည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ဆိုသည်။

#TachileikNewsAgency

Photo: NUG