ရမည်းသင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လူ(၁၀)ဦး သေဆုံးသွားပြီး လူပေါင်း (၅၀,၀၀၀)ခွဲနီးပါး ရေဘေးသင့်

ရမည်းသင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လူ(၁၀)ဦး သေဆုံးသွားပြီး လူပေါင်း (၅၀,၀၀၀)ခွဲနီးပါး ရေဘေးသင့်

 မန္တလေးတိုင်းအတွင်း ရမည်းသင်းမြို့နယ်တစ်ခုတည်းတွင် ရေကြီးရေလျှံမှုများကြောင့် ရပ်ကွက်နှင့်ကျေးရွာများမှ လူ(၁၀)ဦး သေဆုံးသွားပြီး လူဦးရေ (၅၀,၀၀၀)ခွဲနီးပါ ရေဘေးသင့်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့ အစောပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

 ရမည်းသင်းမြို့နယ်တစ်ခုတည်းတွင် ရေကြီးရေလျှံမှုများကြောင့် ရပ်ကွက်နှင့်ကျေးရွာများမှ အမျိုးသား (၂၃,၉၉၅)ဦး နှင့် အမျိုးသမီး (၂၉,၉၇၇)ဦး စုစုပေါင်း (၅၃,၉၇၂)ဦး ရေဘေးသင့်ခဲ့ရာ အိမ်ထောင်စုအနေဖြင့် (၁၅,၁၁၃)စုရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း ဆည်ကြီးကျေးရွာမှ အမျိုးသား (၁)ဦး၊ ညောင်အိုင်ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်း ကံသာအေးကျေးရွာမှ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၄)ဦး သေဆုံးသွားကြောင်း သိရသည်။

ယင်းအပြင် ရွှေနန်းပေါက်ကျေးရွာမှ အမျိုးသမီး (၁)ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စုအတွင်း ချောင်းဖျားကျေးရွာမှ အမျိုးသား(၁)ဦး စုစုပေါင်း (၁၀)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရမည်းသင်းမြို့နယ်အတွင်းမှ ရေဘေးသင့်ပြည်သူများကို သီလဝခန်းမ၊ သာသနာ့ဗိမာန်၊ ဘုန်းကြီးကျောင်း၊ ရွာတန်းခန်းမ၊ ကိုးခန်းကြီးဓမ္မာရုံ နှင့်  ရန်ကြီးအောင်ကျောင်း စသည့် ရေဘေးရှောင်နေရာများနှင့် ရေဘေးလွတ်ရာ နီးစပ်ရာဆွေမျိုးများထံသို့ မီးသတ်တပ်ဖွဲ့ နှင့် ကြက်ခြေနီ အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကူညီပို့ဆောင်ပေးထားရကြောင်း သိရသည်။