ဝန်ကြီးအချို့အား ထုတ်ပယ်လိုက်ခြင်းနှင့် ပတ်သက်ပြီး လူမှန် နေရာမှန် ဖြစ်စေရန်အတွက်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်ဆို

ဝန်ကြီးအချို့အား ထုတ်ပယ်လိုက်ခြင်းနှင့် ပတ်သက်ပြီး လူမှန် နေရာမှန် ဖြစ်စေရန်အတွက်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်ဆို
သြဂုတ် 23, 2022 | နိုင်ငံရေး

အာဏာသိမ်းစစ်ကောင်စီအဖွဲ့က  လဝက ဝန်ကြီး ဦးခင်ရီ နှင့် ဝန်ကြီးအချို့ကို ထုတ်ပယ်ပြီး ပြင်ဆင်ပြောင်းလဲ ခန့်ထားမှုနှင့် ပတ်သက်ပြီး လူမှန် နေရာမှန် ဖြစ်စေရန်အတွက် ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောသည်။

၎င်းတို့၏ "အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာတွင် လုပ်ငန်းများအဆင်ပြေစေရန်နှင့် လူမှန်နေရာမှန်ဖြစ်စေရန်အတွက် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း" ၂၀၂၂ခုနှစ် ဩဂုတ်လ(၂၂)ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် စစ်ကောင်စီအဖွဲ့၏ အစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခြင်း ဖြစ်သည်။

  ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၉)ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)၏ ပြည်ထောင်စုဝန်ကြီး ချစ်နိုင် (စိတ်ပညာ)နှင့် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ အပါအဝင် ဗဟိုဘဏ်၏ ဥက္ကဌ ဦးသန်းညိန်းနှင့် ဒုဥက္ကဌ ဦးဝင်းသော်တို့ကို ဖြုတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ယင်းအပြင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်ကိုလည်း ထုတ်ပယ်လိုက်သည်။

ယခင်အစိုးရလက်ထက်က အဂတိမှုဖြင့် ထောင်ကျခဲ့သူ စီးပွား၊ ကူးသန်းဝန်ကြီး ဒေါက်တာပွင့်ဆန်းကို အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်ကိုလည်း တွေ့ရသည်။

နိုင်ငံ့အာဏာကို  သိမ်းလိုက်သည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျဆင်းနေသည့် နိုင်ငံ၏ စီးပွားရေးကို ပြန်လည် နာလန်ထူနိုင်ရန်မှာ ၎င်း၏ ဝန်ကြီးများကို ထုတ်ပယ် အစားထိုးခြင်းဖြင့် ပြန်လည် နာလန်ထူနိုင်မည့်ဟု ယူဆထားပြီး "ရှေ့လုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်ရန်"ဟု ကြုံးဝါးထားသည်။

ဝန်ကြီးများကို ထုတ်ပယ် အစားထိုးခြင်းပြုလုပ်နေသည့် အသက်(၆၆)နှစ်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဝန်ကြီးချုပ် အာဏာနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အာဏာကို လက်ကိုင်ထားဆဲဖြစ်သည်။