ဒေါ်လီလီနိုင်ကျော်အား ပစ်ခတ်သည်ဟု စွပ်စွဲဖမ်းဆီးထားသူ နှစ်ဦးကို စစ်ကောင်စီ ပစ်သတ်

ဒေါ်လီလီနိုင်ကျော်အား ပစ်ခတ်သည်ဟု စွပ်စွဲဖမ်းဆီးထားသူ နှစ်ဦးကို စစ်ကောင်စီ ပစ်သတ်

စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးအစွန်းရောက်သူ ဒေါ်လီလီနိုင်ကျော်အား ပစ်ခတ်သည်ဟု စွပ်စွဲဖမ်းဆီးထားသူ (၂)ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ကိုကောင်းဇာနည်ဟိန်းနှင့် ကိုကျော်သူရတို့ကို သက်သေခံပစ္စည်း ရှာဖွေရန် စစ်ကြောရေးသို့ ခေါ်လာစဉ် (၂၉)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မောင်းမကန်လမ်းဘေးအနီး၌ ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များက ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးသည် ဝှက်ထားသော လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေနေစဉ် တိုက်ခိုက် ထွက်ပြေးခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးရာက သေဆုံးသည်ဟု စစ်ကောင်စီဘက်က ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ(၃၀)ရက်နေ့တွင် လီလီနိုင်ကျော် ပစ်သတ်ခံရပြီးနောက် စစ်ဆေးရုံတွင် ကုသမှုခံယူ‌နေစဉ် ဇွန်လ(၆)ရက်နေ့တွင် သေဆုံးသွားသဖြင့် ဇွန်လ(၈)ရက်နေ့တွင် မင်္ဂလာဒုံစစ်သင်္ချိုင်း၊ ငြိမ်းအေးဇရပ်၌ အသုဘချလိုက်ကြခြင်းဖြစ်သည်။ 

လီလီနိုင်ကျော်သေဆုံးခဲ့သည့် ဇွန်လ (၆)ရက်နေ့ ညပိုင်းတွင် မဘသနှင့် အစွန်းရောက် အမျိုးသားရေးသမားများက လီလီနိုင်ကျော် ပစ်သတ်ခံရမှုကို လက်စားချေသည့်အနေဖြင့် ကိုကောင်းဇာနည်ဟိန်း၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အစ်မဖြစ်သူ မဆောင်းသဇင်ဦးတို့ကို ရိုက်နှက် သတ်ဖြတ်ခဲ့ကြသော်လည်း ထိုအမှုမှာ ပျောက်ကွယ်သွားခဲ့သည်။

#TachileikNewsAgency