မြန်မာတပြည်လုံးလွတ်မြောက်ရန် KIA နှင့် ဆက်လက်ပူးပေါင်းမည်ဟု NUG ထုတ်ပြန်

မြန်မာတပြည်လုံးလွတ်မြောက်ရန် KIA နှင့် ဆက်လက်ပူးပေါင်းမည်ဟု NUG ထုတ်ပြန်

မြန်မာနိုင်ငံတစ်ခုလုံး အကြမ်းဖက်စစ်အုပ်စုအောက်မှ လွတ်မြောက်ရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်ကချင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့နှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုသည်ဟု ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့တွင် ကျရောက်သည့် (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကချင်ဒေသအပါအဝင် မြန်မာနိုင်ငံတစ်ခုလုံး အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်မှ အမြန်ဆုံး လွတ်မြောက်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်ဝသည့် နိုင်ငံသစ်တစ်ခုကို အမြန်ဆုံး ထူထောင်နိုင်ရေးအတွက် ယင်းသို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

ကချင်တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် ကချင်အမျိုးသားများအားလုံး ကိုယ်၊ စိတ် နှစ်ပါး ဘေးကင်းလုံခြုံမှုရှိကြပါစေကြောင်းနှင့် လွတ်လပ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်နိုင်ရေး ပန်းတိုင်သို့ တိုင်းရင်းသားအားလုံးနှင့် အတူတကွ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆန္ဒပြုထားသည်။ 

အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးတို့အတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ကို စတင်တည်ထောင်ကာ ဦးဆောင်ခဲ့ကြသည့် ကချင်အမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် (GOC–Lahtaw Zau Seng)၊ ဒုတိယ စစ်ဦးစီးချုပ် (VCS – Lahtaw Zau Tu) နှင့် အထွေထွေ အတွင်းရေးမှူး (Salang Kaba Pungshwi Zau Seng) တို့သည် ၁၉၇၅ သြဂုတ်လ အစောပိုင်းရက်များတွင် စနစ်တကျ လုပ်ကြံသတ်ဖြတ်ခံရပြီး ကျဆုံးခဲ့ကြရသည်။ 

KIO/KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် (GOC – Lahtaw Zau Seng)လုပ်ကြံခံရသောနေ့ သြဂုတ်လ(၁၀)ရက်နေ့ကို ဝမ်းနည်းဖွယ်အထိမ်းအမှတ် ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ကချင်လူမျိုးများ၏လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်နှင့် ကိုယ်ပြဋ္ဌာန်းခွင့်တို့အတွက် နွေဦးတော်လှန်ရေး အပါအဝင် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲများတွင် အသက်သွေးချွေးများစွာ စတေးပေးဆပ်ခဲ့ကြသည့် ကချင်အမျိုးသားခေါင်းဆောင်ကြီးများ၊ကချင်ပြည်သူလူထုအပါအဝင် KIO/KIA ရဲဘော်ရဲ ဘက်များ၏ စွန့်လွတ်အနစ်နာခံမှု၊ သစ္စာစောင့်သိမှုတို့ကို လေးစားဖွယ် အောက်မေ့သတိတရဖြစ်မိသည်ဟုလည်း သဝဏ်လွှာတွင် ပါရှိသည်။

#TachileikNewsAgency

Photo: NUG