သထုံမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ လေးထောင်ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရ

သထုံမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ လေးထောင်ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရ

မွန်ပြည်နယ် သထုံမြို့နယ်ရှိ စစ်ကောင်စီအခြေစိုက်စခန်းများမှ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဒေသခံများ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးကာ သေဆုံးဒဏ်ရာရသူများရှိပြီး ဒေသခံ လေးထောင်ကျော်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် အမတ-၃၁၄၊ ခမရ-၉ နှင့် ခလရ-၈ တပ်ရင်း တပ်စခန်းတို့မှ မေလ (၁၁)ရက်နေ့မှ (၁၃)ရက်နေ့အတွင်း လက်နက်ကြီးအလုံးရေများစွာ ပစ်ခတ်ခဲ့ရာ ရွှေရောင်ပြရွာ၊ ဝီယော်ရွာ၊ ကဒီပုရွာနှင့် ဒေါက်ရပ်ရွာတို့တွင် ကျေးရွာများအတွင်းနှင့် အနီးအနားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ (၃) ဦး သေဆုံးကာ၊ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်များအပါအဝင် ဒေသခံ (၁၅)ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း KNUမှ ၂၀၂၄ခုနှစ် မေလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် အဝန်းကြီးရွာရှိ အိမ်ခြေ (၁၆၁)လုံးမှ ပြည်သူ (၈၇၆)ဦး၊ ဇီးဝန်းရွာရှိ အိမ်ခြေ (၁၃၇)လုံးမှ ပြည်သူ (၈၇၆)ဦး၊ ရွှေရောင်ပြရွာရှိ အိမ်ခြေ (၁၇၅)လုံးမှ ပြည်သူ (၁၁၁၉)ဦး၊ ဒေါင်းရွာရှိ အိမ်ခြေ (၄၃)လုံးမှ ပြည်သူ (၁၉၈)ဦး၊ ပန်းအောင်ကုန်းရွာရှိ အိမ်ခြေ (၃၀)လုံးမှ ပြည်သူ (၁၄၆)ဦး၊ ခလောက်အင်းရွာရှိ အိမ်ခြေ (၁၀၃)လုံးမှ ပြည်သူ (၄၉၁)ဦး၊ မရမ်းကုန်းရွာရှိ အိမ်ခြေ (၇၇)လုံးမှ ပြည်သူ (၄၁၈)ဦးနှင့် မိချောင်းအိုင်ရွာရှိ အိမ်ခြေ (၈၁)လုံးမှ ပြည်သူ (၄၅၄)ဦး စုစုပေါင်း ပြည်သူ (၄၅၀၀)ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်းသိရသည်။

စစ်ကောင်စီတပ် အမတ-၃၁၄ တပ်ရင်း တပ်စခန်းမှာ ဇီးဝန်းရွာ အနောက်ဘက် ဒေသအခေါ်ဝေါ်(ထီးဖိုးညလိ ကဇိုင်း)တွင် တပ်စွဲထားကာ ခမရ-၉ တပ်ရင်း တပ်စခန်းမှာ ဝင်းပကျေးရွာအနီးတပ်စွဲထားပြီး ခလရ-၈ တပ်ရင်း တပ်စခန်းမှာ ဘီးလင်းမြို့ ရပ်ကွပ်(၈)တွင် တပ်စွဲထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻