လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွား 

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွား 

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-လောင်းလုံးမြို့နယ်-LLPDF မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လောင်းလုံးမြို့တွင်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PDF ပူးပေါင်းတပ်ဖွဲ့များ သဗျာရွာ နတ်ရေရတနာကျောင်းအနီး၌ ဇူလိုင်လ (၁၁) ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ သဗျာရွာ နတ်ရေရတနာကျောင်းဝင်းအတွင်း ဝင်ရောက်နေရာယူခဲ့ကြောင်း သိရသည်။

နေရာယူစဉ်အတွင်း စစ်ကောင်စီသည် သဗျာရွာနတ်ရေရတနာကျောင်းဝင်း အနီးပတ်ဝန်းကျင်မှ ပြည်သူတစ်ဦးအား ဖမ်းဆီးရိုက်နှက်ခဲ့ပြီး (၁၅) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအားလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဆိုသည်။ 

ထို့နောက် PDF ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ (၄)နာရီကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာ၍ လောင်းလုံးမြို့ထဲသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-လောင်းလုံးမြို့နယ်-LLPDF၊ ထားဝယ်ခရိုင် တပ်ရင်း(၁)၊ နွေဦးပြောက်ကျားတပ်ဖွဲ့ ၊ဓူဝံကြယ်တပ်ဖွဲ့နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency