မင်္ဂလာဒုံမြို့နယ်အတွင်း ပစ်ခတ်မှုနှစ်ခုဖြစ်ပွား၍ အာဏာသိမ်းစစ်တပ်က အမှတ် (၃) လမ်းကို တင်းကြပ်စစ်ဆေးနေစဉ် လေတပ်အနီး ပစ်ခတ်မှုထပ်ဖြစ်

မင်္ဂလာဒုံမြို့နယ်အတွင်း ပစ်ခတ်မှုနှစ်ခုဖြစ်ပွား၍ အာဏာသိမ်းစစ်တပ်က အမှတ် (၃) လမ်းကို တင်းကြပ်စစ်ဆေးနေစဉ် လေတပ်အနီး ပစ်ခတ်မှုထပ်ဖြစ်
နိုဝင်ဘာ 7, 2021 | အခြားဒေသများ

မင်္ဂလာဒုံမြို့နယ်ရှိ တပ်ရင်း (၉) အနီးပေါက်ကွဲမှုအပြင် မင်္ဂလာဒုံမြို့နယ်အတွင်း ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့ ပစ်ခတ်မှု (၂) ကြိမ်ဖြစ်ပွားပြီးနောက် အာဏာသိမ်းတပ်က မင်္ဂလာဒုံအဝင်အထွက် အမှတ် (၃) လမ်း‌မ‌တစ်လျှောက်နှင့် ထောက်ကြန့်မြို့တို့တွင် ပိတ်ဆို့ ရှာဖွေနေမှုများပြုလုပ်နေစဉ်မှာပင် နေ့လယ် ၂နာရီခွဲဝန်းကျင်၌ လေတပ်အနီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားသည်ဟု သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ခရေပင်ရိပ်မွန်အိမ်ရာ၊ အနန်းပင်လေတပ်အနီး ပစ်ခတ်မှုအတွင်း အာဏာသိမ်းအဖွဲ့၏ တပ်သား (၂) ဦး သေဆုံးသည်ဟု သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ နေ့လည် (၁၂) နာရီခွဲအချိန်က (၃၃)နှစ်မြောက်နှစ်ပတ်လည်ကျင်းပနေသည့် ထွေအုပ်ရုံးအနီး ဂိတ်စောင့်နေသည့် အာဏာသိမ်းတပ်ဖွဲ့ဝင်များအား ကားပေါ်မှ စက်သေနတ်ဖြင့် အတွဲလိုက်ပစ်ခတ်သွားမှုဖြစ်ပွားသဖြင့် ရုံးဝန်းထဲရောက်နေသည့် ဈေးသည်အမျိုးသမီး (၁) ဦးနှင့် အာဏာသိမ်းတပ်ဖွဲ့ဝင် (၃) ဦး ဒဏ်ရာ အသီးသီးရသွားကြောင်း အဆိုပါဖြစ်ရပ်ဝန်းကျင်မှ မျက်မြင်တွေ့ရသူတစ်ဦးထံမှ သိရသည်။

ယင်းနောက်  နေ့လည် (၁) နာရီခွဲဝန်းကျင်တွင် "လုပ်ချင်လျှင် တပ်ရင်းကိုလာလုပ်လှည့်" ဟု ကြိမ်းဝါးထားသည့် တပ်ရင်းမှူးရှိရာ တပ်ရင်း (၉) နှင့် လန်ဒန်စက်ရုံအကြားတွင် ပစ်ခတ်မှုနှင့် ပေါက်ကွဲမှုများဖြစ်ပွားခဲ့၍ အာဏာသိမ်းတပ်က မင်္ဂလာဒုံနှင့် ထောက်ကြံ့မြို့နယ်များကို ပိတ်ဆို့စစ်ဆေးမှုများ လုပ်နေခြင်းဖြစ်သည်။

လမ်းသွားလမ်းလာများအား လမ်းပေါ်တွင် ဝမ်းလျားမှောက်ထားစေပြီး စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးထံမှ သိရပြီး မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူများအနေဖြင့် လတ်တလောတွင် အမှတ်(၃) လမ်းမနှင့် နွယ်ခွေလမ်းများသို့ မသွားကြရန်ကိုလည်း မင်္ဂလာဒုံအမျိုးသားအစည်းအရုံး က သတိပေးထားသည်။