ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် သံဃာတော်နှင့် အရပ်သားများ ထိခိုက်ဒဏ်ရာရ

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် သံဃာတော်နှင့် အရပ်သားများ ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် သံဃာတော်များနှင့် အရပ်သားများ ထိခိုက်မှုရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၌ တပ်စွဲထားသော စစ်ကောင်စီတပ် အမတ(၃၁၀) တပ်ရင်းစခန်းမှ ၂၀၂၄ခုနှစ် ဇွန်လ (၂၁)ရက်နေ့ ညနေ (၃) နာရီခန့်တွင် ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်မှုနယ်မြေထဲသို့ လက်နက်ကြီး အလုံးရေများစွာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုများအတွင်း လက်နက်ကြီး (၁)လုံး ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာ တောင်ကျောင်း ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းထိုင်ဆရာတော်တစ်ပါးနှင့် ဦးဇင်းတစ်ပါး လက်နက်ကြီးကျည်စ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်သားနှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တစ်ချိန်ထဲတွင် လက်နက်ကြီး (၁)လုံးမှာ  ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ မုက္ခမော့ကျေးရွာ အောင်နဝင်းဘုန်းကြီးကျောင်း မုဒ်ဝအနီးတွင် ကျရောက်ပေါက်ကွဲပြီး အိမ်တစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဇွန်လ (၁၄) ရက်နေ့ကလည်း ည(၁)နာရီ (၁၅)မိနစ်တွင် စစ်ကောင်စီ အမတ(၃၁၀)တပ်ရင်းစခန်းမှ လက်နက်ကြီး (၂)လုံး ပစ်ခတ်ရာ ခမရ (၂၀၇)နှင့် အမတ(၃၁၀) တပ်ရင်းစခန်းတို့၏ တမိုင်ခွဲအကွာတွင် တည်ရှိသော ဒေသအခေါ်အဝေါ် (ကျောက်ဟတ်ကွင်း)သို့ လက်နက်ကြီး (၁)လုံး ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၂)ရက်နှင့် ဇွန်လ (၁၂)ရက်နေ့တို့တွင်လည်း ၎င်းစစ်ကောင်စီတပ်စခန်းမှ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်ရှိ ဒေသခံပြည်သူနေထိုင်ရာ နေရာများထဲသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ဇွန်လ (၁၄)ရက်နေ့တွင်လည်း လက်နက်ကြီး (၁၅)လုံးဝန်းကျင်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ နေ့စဉ်လိုလို လူနေထိုင်ရာရွာထဲသို့ လက်နက်ကြီးများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရကာ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်မှုနယ်မြေတွင် စစ်ဘေးရှောင် လူဦးရေ တစ်သောင်းကျော် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: KNU