မတ္တရာမြို့နယ်ရှိ မြောက်တံငါစစ်ကောင်စီတပ်စခန်း မန္တလေး PDF သိမ်းရာ လက်နက်ခဲယမ်းများရရှိ

မတ္တရာမြို့နယ်ရှိ မြောက်တံငါစစ်ကောင်စီတပ်စခန်း မန္တလေး PDF သိမ်းရာ လက်နက်ခဲယမ်းများရရှိ

မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ မြောက်တံငါစစ်ကောင်စီတပ်စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိထားပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြောက်တံငါစစ်ကောင်စီတပ်စခန်းအပြင် မတ္တရာမြို့နယ် Alpha ဘိလပ်မြေစက်ရုံ ကာကင်းစခန်းကုန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင် လက်နက်ငယ်(၁၂)လက်ခန့်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။  

ထို့အပြင် စဉ့်ကူးမြို့နယ် လက်ပန်လှရဲစခန်းမှ ထွက်ပြေးသွားသော ရဲမေတစ်ဦး၏ နေအိမ်၌ ခြောက်လုံးပြူး သေနတ်တစ်လက်နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် မတ္တရာမြို့နှင့် စဉ့်ကူးမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်း (၃၀)ကျော်ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)