ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒေသခံ ပြည်သူ (၁) ဦးကို ဖမ်းဆီးသတ်ဖြတ်

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒေသခံ ပြည်သူ (၁) ဦးကို ဖမ်းဆီးသတ်ဖြတ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဒေသခံ ပြည်သူ (၁) ဦးကို ဖမ်းဆီးသတ်ဖြတ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မှ သတင်းထုတ်ပြန်သည်။

ဆီဆိုင်မြို့နယ် ကယန်းလေးကျေးရွာမှ အသက် (၅၀)နှစ်အရွယ် ဒေသခံတစ်ဦးကို ၂၀၂၄ခုနှစ် ဇွန်လ (၂) ရက်နေ့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးသွားခဲ့ပြီး ပန်တိုင်းကျေးရွာအနီးတွင် ညှင်းဆဲနှိပ်စက်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း PNLA မှ ဇွန်လ (၄)ရက်နေ့တွင်  သတင်းထုတ်ပြန်သည်။

အဆိုပါ ဒေသခံသည် မည်သည့်အဖွဲ့အစည်းနှင့်မှ ပက်သက်ခြင်းမရှိသည့် သာမန်ပြည်သူတစ်ဦးဖြစ်ပြီး စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်မှ ဖမ်းဆီးသွားပြီးနောက် ဇွန်လ (၃) ရက်နေ့တွင် ဒေသခံတချို့မှ လိုက်သွားစဉ် ပန်တိုင်းကျေးရွာအနီးတွင် ရိုက်နှက်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း PNLA မှ ဆိုသည်။

ပြီးခဲ့သည့် မေလ (၂၉) ရက်နေ့ကလည်း ဖက်နမ်ကျေးရွာအနီးတွင် ခရီးသွားလာနေသည့် သာမန်အရပ်သားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် မေလ မှ ယခု ဇွန်လ (၃) ရက်နေ့အထိ ပြည်သူလူထုအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲငွေညှစ်ခြင်းများနှင့် ရိုက်နှက်နှိပ်စက်ခြင်းများကို (၉) ကြိမ် ပြုလုပ်ခဲ့ကြောင်း PNLA၏ ထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency