ပဇီကြီးကျေးရွာဖြစ်စဉ်သည် အလွန်စက်ဆုပ်ရွံရှာဘွယ်ကောင်းသော သူရဲဘောကြောင်သည့် လုပ်ရပ်ဟု KIO ထုတ်ပြန်

ပဇီကြီးကျေးရွာဖြစ်စဉ်သည် အလွန်စက်ဆုပ်ရွံရှာဘွယ်ကောင်းသော သူရဲဘောကြောင်သည့် လုပ်ရပ်ဟု KIO ထုတ်ပြန်

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာဖြစ်စဉ်သည် အလွန်စက်ဆုပ်ရွံရှာဘွယ်ကောင်းသော သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်သဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း KIO ဗဟိုကော်မတီက ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၅)ရက်တွင် ကြေညာချက်ထုတ်ပြန်လာသည်။

အဆိုပါ လုပ်ရပ်သည် စစ်ကောင်စီက ပြည်သူလူထုအပေါ်  ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ရှု့မြင်ပြီး စစ်ကောင်စီ၏ ရက်ရက်စက်စက်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သေဆုံး သွားသော ရွာသူ၊ ရွာသားများ၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့်  ထပ်တူဝမ်းနည်ကြေကွဲရကြောင်း ထုတ်ပြန်ထားသည်။

ဒါအပြင် စစ်ကောင်စီသည် ပြည်သူကိုကာကွယ်ရမည့်အစား ရန်သူ သဘွယ်အရပ်ဘက်၊ စစ်ဘက်မခွဲခြားပဲ အကြောင်းအမျိုးမျိုးပြကာ စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူလူထုနေထိုင်သောရွာများကို လူအဆန်စွာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။

စစ်အာဏာရှင်စနစ်ဆိုးကြီးမှ လွတ်မြောက်ရန် အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စတေးခဲ့သည့် ပုဂ္ဂိုလ်များအားလုံးကို လေးစားဂုဏ်ပြုသည်ဟုလည်း ထုတ်ပြန် ထားသည်။

၂၀၂၃ခုနှစ်၊ ဧပြီလ (၁၁)ရက်က စစ်ကောင်စီသည် ပဇီကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများတွင် အသက်(၁၃)နှစ်အောက် ကလေးသူငယ် (၂၅)ဦး အပါအဝင် ဗုံးကြဲခံရမှုကြောင့် တစစီဖြစ်သွားရသည့် ခန္ဓာကိုယ်များကို လိုက်လံကောက်ယူရသော အချက်အလက်များအရ အသက်အရွယ် ခွဲခြား၍ မရသည့် ကလေးသူငယ် (၁၀)ဦး နှင့် အသက်ခွဲခြားမရသည့် လူကြီး (၃၁)ဦး အပါအဝင် စုစုပေါင်း သေဆုံးသူမှာ အမျိုးသား(၁၁၈)ဦး နှင့် အမျိုးသမီး (၄၆)ဦး အပြင် မျက်နှာများ ပျက်စီးသွားမှုကြောင့် ကျား၊မ ခွဲခြားမရသည့် အလောင်း(၄)လောင်း အပါအဝင် စုစုပေါင်း (၁၆၈)ဦး ရှိကြောင်း သိရသည်။