နယ်ထိန်းခေါင်းဆောင်ကိုယ်တိုင် ဂုံးဂင်းလောင်းကစား ဝင်ဆော့

နယ်ထိန်းခေါင်းဆောင်ကိုယ်တိုင် ဂုံးဂင်းလောင်းကစား ဝင်ဆော့
နိုဝင်ဘာ 4, 2021 | အခြားဒေသများ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကညွတ်ကွင်းနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ကိုယ်တိုင် ဂုံးကင်း လောင်းကစား ပြုလုပ်နေသည့် ပုံများထွက်ပေါ်လာသည့်အတွက် ဒေသတွင်း ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရသည်။

"ဒီမှာက နာရေးဖြစ်ရင် ဂုံးဂင်းဝိုင်းဖွင့်တယ်။ ရဲတွေရဲ့ အကျင့်က လိုင်းကြေးတောင်းတယ်။ ကိုယ်တိုင်ထိုး ကိုယ်တိုင်ဆွဲတယ် ရှုံးရင် ပြန်တောင်းသွားတယ်။ နိုင်ရင်တော့ ယူသွားတာပေါ့ဗျာ"ဟု ဖြူးမြို့ဒေသခံ တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၄)ရက်နေ့တွင် ပြောသည်။

ဂုံးဂင်းလောင်းကစားကို ကိုယ်တိုင်ဝင်ရောက် ဆော့ကစားသူမှာ ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး လက်အောက်ရှိ ကညွတ်ကွင်းနယ်မြေရဲကင်းစခန်းမှ ဒုရဲအုပ်ရဲထွဋ်အောင် ဆိုသူဖြစ်ကြောင်း သိရသည်။

"ဖြူးမြို့မှာက ကိုဗစ်တွေလည်းရှိနေသေးတယ်။ ပြီးတော့ လောင်းကစားလည်း ပြုလုပ်ခွင့်ပေးထားတယ်။ အဲ့အပြင် ရဲတွေကိုယ်တိုင် မကြာခဏ ဝင်ဝင်ပြီး လောင်းကစားလုပ်ကြတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်းတွင် ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံမှာလည်း ကစင့်ကလျားဖြစ်နေပြီး ဒုစရိုက်မှုကို ပိုမိုအားပေးလာသည်ဟု ဖြူးဒေသခံများက ဆိုသည်။