ကချင်ပြည်နယ်အတွင်း မြစ်ရေ ဆက်တက်နေသဖြင့် ဝိုင်းမော်စစ်ရှောင်များလည်း ပြောင်းရွေ့ရကာ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်နေကြရ

ကချင်ပြည်နယ်အတွင်း မြစ်ရေ ဆက်တက်နေသဖြင့် ဝိုင်းမော်စစ်ရှောင်များလည်း ပြောင်းရွေ့ရကာ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်နေကြရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြစ်ရေ ဆက်လက် မြင့်တက်နေခြင်းကြောင့် ဝိုင်းမော်ဖက်မှ စစ်ရှောင်များလည်း ပြောင်းရွေ့သွားရကာ ပိတ်မိနေသူများကို ကိုယ့်အစီအစဉ်နှင့်ကိုယ် ကယ်ထုတ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

 ၂၀၂၄ခုနှစ် ဇွန်လ(၃၀)ရက်နေ့ ညနေပိုင်းက စတင်၍ မြစ်ရေမြင့်တက်လာခြင်းကြောင့် ပိတ်မိနေသည့် ဒေသခံများသည် ကယ်ဆယ်ရေးအကူအညီများ တောင်းခံခဲ့သော်လည်း ယနေ့ နေ့လည်ပိုင်းအထိ ရောက်မလာနိုင်သဖြင့် ကိုယ်အစီအစဉ်ဖြင့်ကိုယ် ထွက်လာနေကြရသည်ဟု သိရသည်။

“လောလောဆယ်တော့ ကယ်ဆယ်ရေး မရှိဘူးပေါ့နော်။ ကိုယ်ထူကိုယ်ထ ဖောင်တွေလုပ်ပြီးတော့ ထွက်နေကြရတာပေါ့။ အခုချိန်ထိ ကိုယ့်အသိအိမ်တွေမှာပဲ နေရတာပေါ့။ စစ်ရှောင်တွေကို လက်ခံထားတဲ့ ဘုန်းကြီးကျောင်းတွေ အကုန်လုံးလည်း နစ်သွားပြီ။ ဝိုင်းမော်ဘက်က စစ်ရှောင်တွေကို လက်ခံပေးထားတဲ့ ဘုန်းကြီးကျောင်းတွေ မှန်သမျှ အကုန်နစ်သွားပြီ။ သူတို့တွေလည်း ရွေ့သွားကြပြီ ဘုန်းကြီးတွေပါ ရွေ့သွားရတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ဇူလိုင်လ(၁)ရက်နေ့ နေ့လည်ပိုင်းတွင် ပြောသည်။

ဧရာဝတီမြစ်ရေသည် နေ့လည်(၁၂)နာရီခွဲအချိန်အထိ တိုင်းထွာချက်အရ မြစ်ကြီးနားမြို့တွင် (၁,၃၄၆)စင်တီမီတာကျော်၊  ဗန်းမော်တွင် (၉၉၇)စင်တီမီတာကျော်၊ ရွှေကူတွင် (၈၅၀)စင်တီမီတာကျော်ရှိသည်ဟု သိရသည်။ 

"လမ်းတွေ အားလုံး ရေပြင် ဖြစ်သွားတာ။ ဆေးရုံတွေ၊ ဓာတ်ဆီဆိုင်တွေပါ မြုပ်ကုန်ပြီ။ အနိမ့်ပိုင်းရပ်ကွက်တွေဆိုရင် (၁၀)ပေအထက်ကို မြုပ်နေပြီ။ တမြို့လုံး နီးပါးဖြစ်တာဆိုတော့ ဘယ်သူမှမကယ်နိုင်ဘူး။ ကယ်ဆယ်ရေးလည်း မကယ်နိုင်တော့တဲ့အခြေအနေပါ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့အထက်ပိုင်းရှိ ပူတာအို၊ မချမ်းဘော့တို့တွင်လည်း ဇွန်လ (၂၉)ရက်နေ့ကတည်းက မိုးသည်းထန်ကာ မြစ်ရေ၊ ချောင်းရေလျှံခြင်း၊ တောင်ပြိုခြင်း၊ ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပွားနေခဲ့သည်။ 

မိုးသည်းထန်ကာ မြစ်ရေ၊ ချောင်းရေ ရေလျှံခြင်း၊ တောင်ပြိုခြင်းများကြောင့် ပူတာအို - မြစ်ကြီးနားလမ်းပိုင်း တွင် ဇွန်လ (၃၀)ရက်နေ့ကလည်း ကားအစီးရေများစွာ လမ်းခရီး၌ ပိတ်မိနေခဲ့ကြကြောင်း သိရသည်။

ရေကြီးရေလျှံမှုများနှင့် ပတ်သက်ပြီး ၂၀၂၄ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အတွင်း စစ်ကိုင်တိုင်းအထက်ပိုင်း နှင့် ကချင်ပြည်နယ်အတွင်း ဒေသအလိုက်  မိုးကြီးနိုင်ပြီး ရေဘေးနှင့်မြေုပြိုဘေးများ ကြုံလာနိုင်ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(NUG)က သတင်းထုတ်ပြန်ထားသည်။