နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံးရှေ့တွင် တရုတ်အစိုးရအား ကန့်ကွက်ရှုံ့ချပွဲပြုလုပ်

နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံးရှေ့တွင် တရုတ်အစိုးရအား ကန့်ကွက်ရှုံ့ချပွဲပြုလုပ်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံးရှေ့တွင် မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပြည်သူများက မြန်မာ့နွေဦးတော်လှန်ရေးအား နည်းလမ်းမျိုးစုံဖြင့် နှောက်ယှက်ဟန့်တားနေသည့် တရုတ်အစိုးရအား ကန့်ကွက်ရှုံ့ချပွဲပြုလုပ်ကြောင်း သိရသည်။ 

ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ်ရုံးရှေ့တွင် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့ ညနေ (၄) နာရီမှ (၅)နာရီခွဲအထိ ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပြည်သူများက “ကိုယ်အိမ်ကိုယ်ပြန်တဲ့လမ်း ဘယ်သူမှ တားဆီးခွင့်မရှိ”၊ “တို့နိုင်ငံအနာဂတ် ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်မယ်” ၊ “ပြည်သူ့တော်လှန်ရေး ဘယ်ပွဲစားမှ ကြေးဖြတ်ခွင့်မရှိ” ၊  “အရာရာဟာ ပြည်သူ့သဘောထားအတိုင်း ဖြစ်ရမယ်”စသည့် ကြွေးကြော်သံများနှင့်အတူ ဆန္ဒထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာပြည်အတွင်း ဥပဒေမဲ့စွာ အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက်သတ်ဖြတ် ၊ မီးရှို့ ၊ ဗုံးကြဲမှုများ လုပ်ဆောင်နေသည့် မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို ရပ်တည်ပေးခြင်းနှင့် မြန်မာ့ပြည်တွင်းရေးအား နည်းမျိုးစုံဖြင့် ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရအား ပြင်းထန်စွာ ကန့်ကွက်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့် မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက အသိပေးထားသည်။

#TachileikNewsAgency

Photo: Sethu Win