မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ မြင့်တက်ကာ ရေကြီးနေ၍ အရေးပေါ်ရွှေ့နေရ

မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ မြင့်တက်ကာ ရေကြီးနေ၍ အရေးပေါ်ရွှေ့နေရ

 ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ကျော်လွန်ကာ လူနေရပ်ကွက်များအတွင်း ရေကြီးနစ်မြုပ်နေ၍ အရေးပေါ်ရွှေ့ပြောင်းနေကြရသည်ဟု သိရသည်။

 ၂၀၂၄ ခုနှစ် ဇွန်လ(၃၀)ရက်နေ့ ညနေပိုင်းက စတင်ကာ မြစ်ရေမြင့်တက်လာခြင်းဖြစ်ပြီး ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းအထိ ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။

လက်ရှိတွင် မြစ်ရေထပ်မံတိုးလာခြင်းကြောင့် (၃၇၄)ဘုန်းကြီး ကျောင်းအနီး၊ ကြက်ပေါင်ခြံအုပ်ချုပ်ရေးမှုးရုံးအနီး၊ ပေါ်ဦးရပ် ကွက်၊ မာမကဘုန်းကြီးကျောင်းအနီး၊ မာမကအကျော်ဂေါက်ကွင်း အနီးနှင့် ချမ်းသာကြီးဘုန်းကြီးကျောင်းအနီးတို့တွင် ဘေးလွတ်ရာသို့ တိမ်းရှောင်လိုသူများရှိနေကာ ပိတ်မိနေသည်ဟု သိရသည်။

"ဒေသခံတွေရဲ့အခြေအနေက အရူးမီးဝိုင်းသလိုဖြစ်နေတာပေါ့။ လာကယ်မယ့်သူတွေကို ဖုန်းဆက်ပြန်တော့လည်း မနက်မိုးလင်းရင် လာကယ်မယ်ပေါ့နော်။ မိုးလင်းလဲ လာမကယ်ကြသေးဘူး။ တချို့ နှစ်ထပ်အိမ်တွေဆို အကုန်လုံးမြှုပ်ဖို့ (၃)ပေလောက်ပဲကျန်တော့ တယ်။ ကျန်တာအားလုံးမြှုပ်နေပြီ။ ကယ်ဆယ်ရေးတွေကလည်း ကယ်တော့ ကယ်ပေးနေကြတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဧရာဝတီမြစ်ရေသည် ဇူလိုင်လ (၁)ရက်နေ့ နံနက် (၆)နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်ကြီးနားစခန်းတွင်  စိုးရိမ်ရေမှတ်အထက် ရောက်နေသည့်အပြင် ကချင်ပြည်နယ်အတွင်း နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

ပုံအညွှန်း - မြစ်ကြီးနားမြို့တွင်း ရေကြီးရေလျှံနေမှု ၂၀၂၄ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ နံနက်(၈း၄၀)နာရီအချိန်အထိ မြင်ကွင်း

 

Photo: Ying Kyang