ကော့သောင်းမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သည့် ပျူစောထီးနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ စုရုံးသောက်စားနေစဉ် ဝင်ရောက်စီးနင်း တိုက်ခိုက်ခံရ

ကော့သောင်းမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သည့် ပျူစောထီးနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ စုရုံးသောက်စားနေစဉ် ဝင်ရောက်စီးနင်း တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သည့် ပျူစောထီးနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ စုရုံးသောက်စားနေစဉ် ဝင်ရောက်စီးနင်း တိုက်ခိုက်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာအုပ်စု (၁၉ )မိုင် ကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် သန်းခေါင်စာရင်းကောက်ယူသည့်ကိစ္စ အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် အောင်ပွဲခံသောက်စားနေကြစဉ် အောက်တိုဘာလ (၁၅)ရက်နေ့ ည (၈) နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်ရောက်စီးနင်းမှုအတွင်း ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့မှ ပျူစောထီး ဦးနောင်နီနှင့် ဦးဘဦး တို့နှစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး ကျန်အဖွဲ့ဝင်များသည် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆိုသည်။

စစ်မှုထမ်းဥပဒေနှင့် သန်းခေါင်စာရင်းကောက်ယူခြင်း ကိစ္စရပ်များကို ကန့်ကွက်ကြောင်း ၊ ၎င်းကိစ္စများတွင် မပါဝင်ကြရန် ၊ သတိပေးလက်ကမ်းစာစောင်များနှင့် သတိပေးထုတ်ပြန်စာများကို အကြိမ်ကြိမ် သတိပေးထုတ်ပြန်ထားပြီး ဖြစ်သော်လည်း စစ်ကောင်စီထောက်တိုင်များဖြစ်သည့် ပျူစောထီးအဖွဲ့ဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များသည် စစ်ကောင်စီအား အားပေးကူညီဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က အသိပေးထားသည်။

ဆက်လက်၍ ပြည်သူနှင့် မပူးပေါင်းသော စစ်ကောင်စီနှင့် စစ်ကောင်စီသတင်းပေး သူလျှိုများ ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ၊ ရာအိမ်မှူး/ ဆယ်အိမ်မှူးများနှင့် စစ်ကောင်စီထောက်တိုင်များအား လုပ်ထုံးလုပ်နည်းအတိုင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency