ငပလီကမ်းခြေရှိ စစ်အုပ်စုနှင့် ခရိုနီပိုင် ဟိုတယ်များကို AA ချိပ်ပိတ်

ငပလီကမ်းခြေရှိ စစ်အုပ်စုနှင့် ခရိုနီပိုင် ဟိုတယ်များကို AA ချိပ်ပိတ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေရှိ စစ်ကောင်စီနှင့် ခရိုနီများပိုင်ဆိုင်သည့် ဟိုတယ်များကို အာရက္ခတပ်တော်(AA)က ချိပ်ပိတ်လိုက်ပြီဟု ULA နှင့်နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ဟိုတယ်များကို ချိပ်ပိတ်သိမ်းဆည်းရသည့် အကြောင်းရင်းနှင့် မည်သို့ပြန်လည်စီမံခန့်ခွဲမည်ဆိုသည်ကိုမူ ULA ဘက်က ပြောဆိုခြင်းမရှိသေးပါ။

“ချိပ်ပိတ်လိုက်တာဟုတ်တယ်။ ဗဟိုက ထုတ်ပြန်ပါလိမ့်မယ်။”ဟု ULA နှင့်နီးစပ်သူတစ်ဦးက Tachileik News Agency ကို အတည်ပြုသည်။

AA သည် ၂၀၂၄ခုနှစ် ဇူလိုင်လအတွင်း ငပလီကမ်းခြေရှိ အမှတ်(၅၅) ခြေလျင်တပ်ရင်းနှင့် အမှတ်(၅၆၆)ခြေမြန်တပ်ရင်းတို့ကို သိမ်းပိုက်လိုက်ပြီးနောက် ဟိုတယ်ဇုန်ကိုလည်း သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

ငပလီကမ်းခြေတွင် စစ်ကောင်စီနှင့် ခရိုနီများပိုင်သည့် ဟိုတယ် စုစုပေါင်း (၁၀၀)ကျော်ရှိနေပြီး ပုဂ္ဂလိကပိုင်ဟု အမည်တပ်ကာ ခေတ်အဆက်ဆက်မြေယာများသိမ်းယူ၍ လုပ်ကိုင်စားသောက်ခဲ့ကြခြင်းဖြစ်သည်။

စစ်အုပ်စုနှင့် အကျိုးတူပူးပေါင်း၍ ဖွင့်လှစ်ထားသည့် ဟိုတယ်ကြီးများဖြစ်သည့် ဦးအောင်မျိုးမင်းဒင်ပိုင်သည့် Amazing Ngapali၊ ဦးချစ်ခိုင် ပိုင်သည့် Hilton Hotel၊ ဦးဇော်ဇော်ပိုင်သည့် Hotal Max၊ Fortune Group မှ ဦးမြဟန်ပိုင်သည့် Hotel At The Rocks၊ မင်းဇာနည်အုပ်စုကပိုင်သည့် Merciel Retreat Hotel၊ ဒေါ်န္ဒာအေးပိုင်သည့် Pristine Mremaid Resort၊ အာဏာရှင်ဟောင်း သန်းရွှေသား ထွန်းနိုင်ရွှေပိုင် Thande Beach Hotel၊ ဦးတေဇပိုင် Aureum Palace Hotel & Resort၊ ပတ္တမြားနဂါးမှ ဦးနေဝင်းထွန်းပိုင် Jade Marina Resort၊ ဒေါ်သန္တာနေဝင်းပိုင် Ngapali Bay Villas and Spa တို့ကို ချိပ်ပိတ်လိုက်သည်ဟု စုံစမ်းသိရှိရပြီး အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပါ။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး AA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို Tachileik News Agency က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။  

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း တောင်ကုတ်မြို့ရှိ ခရိုနီ ဦးကျောက်‌တောင်ပိုင်ဆိုင်တဲ့ တောင်ကုတ်နှင့် မောင်တောမြို့ရှိ လုပ်ငန်းများကိုလည်း ULAက ချိပ်ပိတ်လိုက်သည်။

ဦးကျောက်တောင်သည် နေလသစ္စာ၊ ထာဝရအောင်မြေစသည့် ကုမ္ပဏီများကို ရုပ်ရှင်သရုပ်ဆောင် ဦးနေအောင်နှင့် အကျိုးတူပူးပေါင်းကာ လုပ်ကိုင်နေသူဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်တွင် မြို့နယ် (၁၇) မြို့နယ်ရှိသည့်အနက် စစ်တွေ၊ မာန်အောင်နှင့် ကျောက်ဖြူမြို့တို့သာ သိမ်းပိုက်ရန် ကျန်ရှိတော့သည်။

#TachileikNewsAgency