ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသ ကွတ်ခိုင်မြို့နယ်တွင် မတ်လ(၁၂)ရက်နေ့က ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ခြေထောက်တစ်ဖက်ပြတ် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် ဟိုကျန့်ကျေးရွာမှ ဦးအိုက်ညို့ (၄၂)နှစ်သည် ရပ်ကွက် (၅)ရှိ တောင်ပေါ်ကျောင်းဘုရားအနီးတွင် ထင်သွားခွေရာမှ မိုင်းနင်းမိပြီး ညာဘက်ခြေထောက်ပြတ်ကာ ဘယ်ဘက်ခြေထောက် ဒဏ်ရာရရှိသွားသဖြင့် TNLAက ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
ယင်းနေ့တွင်ပင် နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းစေတီပေါ်တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မိုင်းတစ်လုံးကို အမျိုးသားတစ်ဦး နင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် မြေမြှုပ်မိုင်းကြောင့် သီပေါ၊ လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်များမှာ အမျိုးသား (၁၂)ဦးနှင့် အမျိုးသမီး (၃)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
#TachileikNewsAgency