ကသာနှင့် ထီးချိုင့်မြို့နယ်ကြား တိုက်ပွဲဖြစ်ပြီး ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးအပါ ၃ ဦးသေဆုံး

ကသာနှင့် ထီးချိုင့်မြို့နယ်ကြား တိုက်ပွဲဖြစ်ပြီး ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးအပါ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကသာနှင့် ထီးချိုင့်မြို့နယ်ကြား ဝဲကြီးကျေးရွာအနီးတွင် ၂၀၂၄ခုနှစ် ဇွန်လ (၁၄)ရက်နေ့က တိုက်ပွဲဖြစ်ပြီး ဒေသခံ(၆)ဦးဒဏ်ရာရကာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါ (၃)ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းကစတင်ပြီး ကသာမြို့နယ်အောက်ဘက် ဝဲကြီး၊ တုန်းပေါကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့်ပစ်ခတ်ခဲ့ရာ ဒေသခံ(၆)ဦး ဒဏ်ရာရကာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနှင့် ကလေးတစ်ဦးအပါအဝင် (၃)ဦးသေဆုံးကြောင်း သိရသည်။

“မနေ့က ကသာအောက် ဝဲကြီး၊ တုန်းပေါ ဘက်မှာဖြစ်တယ်။ ဒေသခံခြောက်ဦးလောက်ထိတယ်။ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးသေတယ်၊ ကလေးတစ်ယောက်သေတယ်။ အမျိုးသားတစ်ယောက် လည်ပင်းထိတယ်။ ခမရ(၃၀၉)က လက်နက်ကြီးနဲ့ လှမ်းထုလို့ ဒေသခံတွေထိတာပါ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထိခိုက်ဒဏ်ရသူနှင့် သေဆုံးသူများကို ကသာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရပြီး လက်နက်ကြီးနှင့်ပစ်ခတ်သည့် ခမရ (၃၀၉)တပ်ရင်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကသာအခြေစိုက် ခြေမြန်တပ်ရင်းဖြစ်သည်။

“(၁၄)ရက်နေ့မတိုင်ခင်နေ့တွေကတည်းက အောက်ဝဲကြီးနဲ့ တုန်းပေါဘက်မှာ ထိတွေ့မှုလေးတွေဖြစ်တော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒေသခံတွေကိုရှောင်ခိုင်းတယ်။ ဒီအကြောင်းတွေကြောင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ။ ကသာနဲ့တစ်ကြောထဲ အောက်ဝဲကြီးက နီးတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် အင်အား(၅၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားသည်ဟု ဆိုသည်။

#TachileikNewsAgency