ဖားကန့်တွင် မိုးများပြီး နွံကန်ပေါက်ကျကာ နေအိမ် ၂၀ ကျော်နှင့် ဓာတ်ဆီဆိုင်တို့ပျက်စီး

ဖားကန့်တွင် မိုးများပြီး နွံကန်ပေါက်ကျကာ နေအိမ် ၂၀ ကျော်နှင့် ဓာတ်ဆီဆိုင်တို့ပျက်စီး

ကချင်ပြည်နယ် ဖားကန့်မြို့ ဆန်ခါ၊ တောက်ပကြယ်မှော်တွင် ၂၀၂၄ခုနှစ် ဇူလိုင်လ (၁)ရက်နေ့ ညပိုင်းက နွံကန်ပေါက်ကျကာ နေအိမ်(၂၀)ကျော် အပါအဝင် ကားများနှင့် ဓာတ်ဆီဆိုင်များ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

နွံကန်ပေါက်ကျခြင်းကြောင့် မော်ဘုံနှင့် ဆန်ခါချောင်းကူးတံတားတစ်စင်း ရေထဲမျောပါသွားပြီး အဆိုပါပတ်ဝန်းကျင်ရှိ အိမ်ခြေ(၂၀)ဝန်းကျင်မှာလည်း ရေထဲမျောပါသွားကာ လုံးခင်းအနောက် အောင်ရာနှင့် ဆိုင်းရာရွာသစ်တို့ရှိ အိမ်ခြေ(၆)လုံးနှင့် ကောင်းပြည့်ဆီဆိုင်တို့ ပျက်စီးသွားကြောင်း သိရသည်။ 

“ဆီဆိုင်လည်း တခြမ်းပါသွားတယ်။ မိုးကမရပ်ဘူး ဆက်တိုက်ရွာနေတာ။ ရေကလည်းကြီးနေတော့ ဘယ်လို အခြေအနေလဲ သေချာတော့မသိရဘူး။ လုံးခင်းအထွက်ဖက်ပါ။ လူထိခိုက်တာတော့ မကြားသေးဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဖားကန့်မြို့လည်း ဇူလိုင်လ (၁)ရက်နေ့တွင် ဥရုချောင်းရေမြင့်တက်လာပြီး ဖားကန်မြို့တွင်း လူနေရပ်ကွက်များ နစ်မြှုပ်နေပြီဖြစ်ကာ ဖားကန့်မြို့နယ်အတွင်းရှိ လုံးခင်း၊ ဆန်ခါမှော်၊ မဇွပ်ယန်ကျေးရွာ၊ ငှက်ပျောတော၊ မရှီကထောင်ရပ်ကွက်များ ရေနှစ်မြှုပ်နေသည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်မြင့်တက်ခဲ့ပြီး မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ ဆွမ်ပရာဘွမ်၊ ချီဖွေမြို့နှင့် ဖားကန့်မြို့တို့၌ ရေဘေးကြုံတွေ့နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo:CJ