၀မ်ပေါင်ကြေးနီစီမံကိန်းမှ စစ်ကောင်စီလုံခြုံရေးယူ၍ထွက်လာသည့် ကြေးနီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

၀မ်ပေါင်ကြေးနီစီမံကိန်းမှ စစ်ကောင်စီလုံခြုံရေးယူ၍ထွက်လာသည့် ကြေးနီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းမှ စစ်ကောင်စီလုံခြုံရေးယူထွက်လာသည့် ကြေးနီတင်တွဲကား (၁၆)စီးပါ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပဒေသာမိုင်း (၅) လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ကြောင်း Peace Takers Task Force–PTTF မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဝမ်ပေါင်မှ ပထမအသုတ်ထွက်လာသည့် ကြေးနီတင်တွဲကား (၁၆)စီးပါ ယာဉ်တန်းကို ယနေ့ ဇွန်လ (၁၃) ရက်နေ့ မနက် (၈) နာရီခွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ ပဒေသာမိုင်း (၅) လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် ကြေးနီတင်တွဲကားယာဉ်တန်း၏ (၄) စီးမြောက်ကားအား ထိမိစွာတိုက်ခိုက်နိုင်ခဲ့ပြီး အထိအခိုက်အပျက်အစီး အခြေအနေအသေးစိတ်အား ရဲဘော်များ၏ လုံခြုံရေးကြောင့် အတည်ပြုနိုင်ခြင်းမရှိခဲ့ကြောင်း PTTF အဖွဲ့မှ ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Peace Takers Task Force – PTTF အဖွဲ့နှင့် The Brightness Monywa အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းများကို အခွင့်အရေးရသလို ပျောက်ကြားတိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းများပြုလုပ်လျှက်ရှိကာ ဇွန်လအတွင်း ချောင်းဦး-မုံရွာလမ်းပိုင်းတွင် အဖွဲ့အစုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို (၄) ကြိမ် တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency