မောင်တော မြို့သိမ်းတိုက်ပွဲကြောင့် အရပ်သားများ ဘေးကင်းလုံခြုံမှုရှိစေရန် AA ထုတ်ပြန်

မောင်တော မြို့သိမ်းတိုက်ပွဲကြောင့် အရပ်သားများ ဘေးကင်းလုံခြုံမှုရှိစေရန် AA ထုတ်ပြန်

ရခိုင်ပြည်နယ် မောင်တောမြို့သိမ်းတိုက်ပွဲနှင့်အတူ ပိုမိုပြင်းထန်လာသော တိုက်ပွဲများကြောင့် အရပ်သားများ ဘေးကင်းလုံခြုံမှုရှိစေရန် အာရက္ခတပ်တော်(AA)က ၂၀၂၄ ခုနှစ် သြဂုတ်လ (၇)ရက်နေ့တွင် ထုတ်ပြန်သည်။

အရပ်သားများ မောင်တောမြို့မှထွက်ခွာရာတွင် အန္တရာယ်ရှိသောနေရာများကို စွန့်ခွာထွက်ပြေးခြင်းထက် အာရက္ခတပ်တော်ရှိသောနေရာကိုသာ ဦးတည်ထွက်ခွာကြရန် ထုတ်ပြန်ထားသည်။ 

မြို့တွင်းမှထွက်ခွာရန် အခွင့်မသာသူများအနေဖြင့် မိမိနေထိုင်ရာပတ်ဝန်းကျင်တွင် ကျည်လွတ်ရာနေရာများအတွင်း အကာအကွယ်ယူပြီးနေထိုင်ခြင်း၊ အလံဖြူအမှတ်အသားများ ပြုလုပ်ထားခြင်း၊ တိုက်ပွဲ၊ တိုက်ခိုက်ရေးသမားများနှင့် ဝေးရာတွင်နေထိုင်ခြင်းတို့ကို ပြုလုပ်ရန်လည်း ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ ခံစစ်ပြင်ထားသောနေရာများ၊ တိုက်တာအဆောက်အဦးပေါ်ရှိ စနိုက်ပါပစ်ခတ်ရန် ပြုလုပ်ထားသောနေရာနှင့် စစ်ကောင်စီ တပ်ဖွဲ့များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုး မပြုလုပ်ကြရန်လည်း ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ၊ ARSA၊ RSO၊ ARA အဖွဲ့များ၏ အရပ်သားများကို လူသားဒိုင်းကာ အသုံးပြုခြင်းမခံရစေရန်အတွက် ၎င်းတို့နှင့်ဝေးရာနေရာများတွင်နေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။



လက်ရှိမောင်တောမြို့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အမှတ်(၅) စခန်းအပါ တပ်စခန်းနှစ်ခုသာ ကျန်ရှိတော့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: AA Info Desk