ဒီမိုကရက်တစ်ပါတီ (မြန်မာ)ပါတီကို စတင်တည်ထောင်ခဲ့သူ ဝါရင့်နိုင်ငံရေးသမား ဦးသုဝေ၊ အသက် (၉၁) နှစ်သည် ယနေ့ မေလ(၁၈)ရက်နေ့ ည (၇)နာရီအချိန်က ကွယ်လွန်သွားကြောင်း ယင်းပါတီက သတင်းထုတ်ပြန်ထားသည်။
ဦးသုဝေသည် ရွှေပြည်သာမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် ညစာ စားနေရင်း လဲကျသွားခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ ပိုဆောင်စဉ် ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သိရသည်။
"ဒီမိုကရက်တစ်ပါတီ (မြန်မာ) အနေဖြင့် ကြီးစွာသောဆုံးရှုံးမှုကြီးဖြစ်ပေါ်စေခဲ့သော်လည်း ဥက္ကဌကြီးချမှတ်ခဲ့သော ခိုင်မာသောလမ်းစဥ်မူဝါဒများနှင့်အညီ နိုင်ငံ့အရေး၊ ပါတီအရေးကိစ္စများကို ဆက်လက်ဆောင်ရွက်သွားရန်အတွက် ခိုင်မာစွာ အုတ်မြစ်ချတည်ဆောက်ပေးနိုင်ခဲ့ပါပြီ"ဟု ထုတ်ပြန်ထားသည်။
ဦးသုဝေသည် တောင်ငူခရိုင်ကျောင်းသားသမဂ္ဂခေါင်းဆောင်၊ ရန်ကုန်တက္ကသိုလ်တောင်ငူခရိုင် အတွင်းရေးမှူး၊ ရန်ကုန်တက္ကသိုလ် ဒီမိုကရက်တစ်ကျောင်းသားအဖွဲ့ တွဲဖက်အတွင်းရေးမှူး စသည့်တာဝန်များ ယူခဲ့သူ ဖြစ်ပြီး ဖဆပလ အစိုးရခေတ်တွင် ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်း၏ ကိုယ်ရေးအတွင်းဝန်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ကြောင်းလည်း သိရသည်။
အာဏာရှင်ဦးနေဝင်းကို ဆန့်ကျင်ပြီး ထိုင်းနိုင်ငံကိုထွက်သွားခဲ့ကာ ပါလီမန်ဒီမိုကရေစီပါတီကို ထူထောင်ခဲ့ရာတွင် ဦးနု နှင့် ဖဆပလခေါင်းဆောင်တချို့နှင့်အတူ ပါဝင်ခဲ့သူလည်းဖြစ်ကြောင်း သိရသည်။
ဦးသုဝေကို ၁၉၉၃ ခုနှစ်၊ ၁၉၉၅ ခုနှစ်တိုတွင် ဖမ်းဆီးထောင်ချခဲ့ပြီး အင်းစိန်အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖြတ်သန်းခဲ့ရသည်။
ထောင်ကပြန်လွတ်လာပြီးနောက် ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကို ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီး ဒေါ်သန်းသန်းနု၊ ဦးကျော်ငြိမ်း၏ သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့နှင့်အတူ တည်ထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ပါဝင် ယှဥ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။
ဦးသုဝေသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ (UPDJC)တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။