စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသူများထဲတွင် နိုင်ကျဉ်း ၁၀၀ ဦးသာပါဟု AAPP ထုတ်ပြန်

စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသူများထဲတွင် နိုင်ကျဉ်း ၁၀၀ ဦးသာပါဟု AAPP ထုတ်ပြန်
သြဂုတ် 1, 2023 | 2021 Military Coup

အာဏာသိမ်းစစ်ကောင်စီက လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သည့် အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား(၁၀၀)ဦးကို အတည်ပြုနိုင်ခဲ့ပြီး ယင်းအထဲမှ (၂၀)ဦးကိုသာ အမည်နှင့်တကွ အတည်ပြုနိုင်ပြီး အချက်အလက်များကို အတည်ပြုနိုင်ရန် ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ(၁)ရက်နေ့ ဒုတိယဝါဆိုလပြည့်နေ့တွင် နိုင်ငံတဝှမ်း အကျဉ်းချခံထားရသူ အကျဉ်းသား (၇,၇၄၉)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁)ဖြင့် လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့ရာ နိုင်ငံရေးအကျဉ်းသား(၁၀၀)ဦးသာ ပါရှိသည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ကိန်းဂဏန်းအရေအတွက်များသည် AAPPမှ ညနေပိုင်းအထိ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟုလည်း ဖော်ပြထားသည်။

AAPPမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ  ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ (၇)လတာကာလအတွင်း နိုင်ငံတဝန်း ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမများအပါအဝင် ဝန်ထမ်းအမျိုးသား (၁၄)ဦးနှင့် အမျိုးသမီး (၃၄)ဦး စုစုပေါင်း (၄၈)ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ယင်းတို့အနက် မန္တလေးတိုင်းတွင် (၁၉)ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစတင်ပြီး ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃,၈၆၁)ဦးရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

၂၀၂၁ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၄,၁၃၀)ဦးရှိပြီး ယင်းအထဲမှ  (၁၉,၇၁၆)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၆,၉၇၁)ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု သိရသည်။

ထို့အပြင် သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃)ဦးအပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၈)ဦးရှိပြီဖြစ်ကာ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄,၄၁၄)ဦးရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: Assistance Association for Myanmar-based Independent Journalists