ရှမ်းတောင်တွင် နှစ် ၃၀ အတွင်း ရေမမြှုပ်ဖူးသည့် မြို့များပင် ရေမြှုပ်နေ

ရှမ်းတောင်တွင် နှစ် ၃၀ အတွင်း ရေမမြှုပ်ဖူးသည့် မြို့များပင် ရေမြှုပ်နေ
သြဂုတ် 28, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်းတွင် နှစ်(၃၀)အတွင်း ရေမနှစ်မြှုပ်ဖူးသည့် မြို့များအပါအဝင် မြို့ပေါင်း(၆)မြို့ခန့် ရေကြီးနစ်မြှုပ်နေခြင်းကြောင့် ဒေသခံများ၏ စပါးစိုက်ခင်းနှင့် ပြောင်းခင်း ဧကထောင်ချီ ပျက်စီးဆုံးရှုံးရကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၄ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့ကစတင်ကာ သံလွင်မြစ်၊ နမ့်လတ်၊ နမ့်တိန်း၊ နမ့်ပန်ချောင်းရေများ မြင့်တက်ပြီး နမ့်စန်၊ ခိုလမ်၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေးနှင့် မိုင်းပန်မြို့တို့တွင် ရေ(၅)ပေခန့်အထိ နစ်မြှုပ်နေပြီး မိုးရေချိန်များသဖြင့် ဆက်လက်ရေတက်လာနေသည်ဟု သိရသည်။

“နမ့်စန်မှာက (၁၆)ရက်နေ့တည်းက ရေတက်တယ်။ အခုထိတက်တုန်းပဲဗျ။ နမ့်လတ်ချောင်းနဲ့ နမ့်တိန်းချောင်း ရေတက်တာ ရပ်ကွက်(၁)မြှုပ်နေတယ်။ ပြောင်းခင်းတွေတချို့တော့ မြှုပ်တယ်။ နမ့်စန်ကတော့ (၄)နှစ်တစ်ခါ ရေတက်တယ်။ ခိုလမ်ကတော့ ကျွန်တော်တစ်သက် တစ်ခါမှ မကြုံဖူးတာ။”ဟု နမ့်စန်မြို့မှ အသက်(၃၀)နှစ် အရွယ် ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ခိုလမ်မြို့မှာလည်း ရေသည် ယမန်နေ့ ဩဂုတ်လ(၂၇)ရက်နေ့ကစတက်လာပြီး ခိုလမ်မြို့သည် နှစ်(၃၀)အတွင်း ပထမဆုံး ရေကြီးခြင်းကိုကြုံနေရကာ ရပ်ကွက်(၁)၊ ရပ်ကွက်(၆)နှင့် ဝမ်ဖွီးတို့တွင် ရေတက်နေသည်ဟု သိရသည်။

“မနေ့ကစပြီး ရေတက်တာပေါ့။ ခိုလမ်-မိုင်းနောင်သွားတဲ့ တံတားမြှုပ်တယ်။ ပြောင်းခင်းတွေမြှုပ်တယ်။ မိုးနဲက လယ်ကွင်းတွေလည်း တော်တော်မြှုပ်နေပြီ။ မိုးနဲက ဆန်အဓိကစိုက်ကြတာ။”ဟု ခိုလမ်ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။ 

မိုးနဲ၊ ခိုလမ်၊ လင်းခေးမြို့တို့သည့် စိုက်ပျိုးရေးကို အဓိကလုပ်ကြခြင်းဖြစ်ပြီး စပါးအထွက်များသည့် ဒေသလည်းဖြစ်ကာ လက်ရှိတွင် လင်းခေးမြို့ရှိ ခွန်အွတ်ရွာတွင် ရေနှစ်မြှုပ်မှု အဆိုးဆုံး ခံနေရပြီး ကွန်ခံ၊ နားကုန်း၊ မအွန်လောင်းရွာများနှင့် မြို့တွင်းပိုင်းများတွင် ရေမြှုပ်နေပြီဖြစ်ကြောင်း သိရသည်။

“ရေက ဒီနေ့ပိုတက်လာတယ်။ ထပ်တက်ဖို့ပဲရှိတယ်ဗျ။ မိုးက ဆက်တိုက်ရွာနေလို့ ကွန်ဟိန်းကော ပါတယ်ဗျ။ နမ့်စန်၊ ခိုလမ်၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေးရေတက်နေတာပေါ့။ နမ့်စန်က အရင်ဆုံးရေတက်တာဗျ။ နမ့်စန်က အထက်ဖက်ရှိနေတာမို့လေ။ ကျန်တာကတော့ (၄)ရက်လောက်ရှိပြီ။ အိမ်တွေကမြင့်တော့ ကိုယ့်အိမ်ကိုယ်ပဲ နေကြတယ်။ နမ့်စန်မှာကတော့ အနိမ့်ပိုင်းတွေက ကုန်းပေါ်ရပ်ကွက်တွေ တက်နေကြတယ်။ ကယ်ဆယ်ရေးစခန်းဖွင့်ထားတာမျိုးတော့မရှိဘူး။ ပစ္စည်းတွေပဲရွှေ့ကြတာ။”ဟု ကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

လက်ရှိတွင် အလှူရှင်မရှိသဖြင့် ငွေကြေးတတ်နိုင်သည့်နေအိမ်က တခြားအိမ်များအတွက် ထမင်းထုပ်များကို ပို့ပေးနေကြရပြီး ရေပြန်ကျသွားပါက အခြေခံလူတန်းစားများအတွက် လတ်တလောစားရန် လိုအပ်သည့်အခြေအနေဖြစ်လာနိုင်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : CJ (နမ့်စန်နှင့် လင်းခေးမြို့အတွင်း ရေကြီးနေသည့် ပုံများ)