ကသာမြို့နယ် သိမ်အင်းရွာ ရွှေမှော်လုပ်သားများနှင့် ပိုင်ရှင်များကို စစ်ကောင်စီတပ် ဖမ်းဆီး

ကသာမြို့နယ် သိမ်အင်းရွာ ရွှေမှော်လုပ်သားများနှင့် ပိုင်ရှင်များကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း ကသာမြို့နယ် သိမ်အင်းရွာရွှေမှော်ကို ကသာအခြေအစိုက် ခမရ(၃၀၉)တပ်ရင်းက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်ကာ ရွှေလုပ်သားများနှင့် ပိုင်ရှင်များအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ကသာအခြေအစိုက် ခမရ(၃၀၉)တပ်ရင်း နောက်ကျောရှိ သိမ်အင်းရွာရွှေမှော်မှ ရွှေလုပ်သားများနှင့် ပိုင်ရှင်များအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကိုမူ မသိရသေးကြောင်း ဒေသခံများက Tachileik News Agencyကိုပြောသည်။

“ရွှေလုပ်သားတွေကော၊ မိန်းကလေးတွေကော တော်တော်ပါသွားတယ်။ လူဦးရေကိုတော့ အတိတကျမသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ (၈)ရက်နေ့ကလည်း ကသာမြို့နယ် ပေါမမြိုင်ရွာနှင့် မိဿလင်းရွာကို ခမရ(၃၀၉)တပ်ရင်း စစ်ကြောင်းက ဝင်ရောက်ပြီး ဆိုင်နှင့် အိမ်များအား ဝင်မွှေခြင်း၊ ပစ္စည်းများယူဆောင်ခြင်းများအပြင် ဒေသခံများအား ဖမ်းဆီးခြင်းများလုပ်ဆောင်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ကောလင်း၊ ဝန်သို၊ ထီးချိုင့်၊ ကသာပတ်ဝန်းကျင်များ၌ တိုက်ပွဲများဖြစ်ပွားနေသဖြင့် ကသာမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းအရာရှိများမှာ ခမရ(၃၀၉) တပ်ရင်းအတွင်း သွားရောက်နေထိုင်ကြကြောင်း သိရသည်။

#TachileikNewsAgency