မုံရွာမြို့နယ်အတွင်း လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်

မုံရွာမြို့နယ်အတွင်း လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-ချောင်းဦးလမ်းပိုင်း၌ လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ကြောင်း မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း PDF South Monywa မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဇွန်လ (၁၁)ရက်နေ့ ညနေပိုင်းတွင် ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းမှ ထွက်လာသည့် ကြေးနီတင်တွဲကား (၁၂) စီးပါ ယာဉ်တန်းကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် စောင့်ဆိုင်းနေစဉ် မိုင်းပွိုင့်အနီး၌ မြပုလဲစစ်ကောင်စီဂိတ်မှ လမ်းပိုင်းကင်းယူရန် ထွက်လာသည့် စစ်သားများသည် လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးငွေကြေးကောက်ခံခဲ့ကြောင်း သိရသည်။

ထို့နောက် ကြေးနီတင်တွဲကားများ ဖြတ်သန်းလာစဉ်တွင် မိုင်းပွိုင့်အနီး လမ်းပိုင်းကင်းယူထားသည့် စစ်ကောင်စီတပ်သား (၄) ဦးမှ ကားပေါ်ပါလာသည့် စစ်ဗိုလ်အား အလေးပြုနေစဉ် အသင့်ပြင်ထားသည့် ပဒေသာမိုင်းအကြီး (၃)လုံးအား ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF South Monywa မှ ဆိုသည်။

ပြည်သူလူထုအနေဖြင့် လမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေပါက ၎င်းတို့နှင့် အတတ်နိုင်ဆုံးရှောင်ရှားသွားလာကြရန် ၊ မဖြစ်မနေခရီးသွားလာနေကြရသည့် ခရီးသွားပြည်သူများအနေဖြင့် ဂရုတစိုက်သွားလာကြပါရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ကြေညာချက်များအား လေးစားလိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း PDF South Monywa မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် (၁၁)တပ်ရင်း People's Defence Force - South Monywa တပ်ခွဲ(၁)၊ မုံရွာခရိုင်တပ်ရင်း(၁၁)တပ်ခွဲ(၃) နှင့် တပ်စု(၂) Youth Vigor Revolution Force တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency