တိုက်ပွဲကာလကြာရှည်ပြီး အကြပ်အတည်းကို အချိန်မီ မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံသည် အလုံးစုံ ပျက်သုဉ်းရေးသို့ ရောက်ရှိနိုင်ကြောင်း KIO ဆို

တိုက်ပွဲကာလကြာရှည်ပြီး အကြပ်အတည်းကို အချိန်မီ မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံသည် အလုံးစုံ ပျက်သုဉ်းရေးသို့ ရောက်ရှိနိုင်ကြောင်း KIO ဆို
ဇန်နဝါရီ 26, 2022 | အခြားဒေသများ

နိုင်ငံ၏ အလုံးစုံသော အာဏာကို အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က သိမ်းယူထားပြီးနောက် တော်လှန်ရေး တိုက်ပွဲများ ဒေသအသီးသီးတို့တွင် ဖြစ်ပွားနေမှုများနှင့် ပတ်သက်ပြီး တိုက်ပွဲကာလကြာရှည်ပြီး ယင်းအကြပ်အတည်းကို အချိန်မီ မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံသည် အလုံးစုံ ပျက်သုဉ်းရေးသို့ ရောက်ရှိနိုင်သည်ဟု ယနေ့ ဇန်နဝါရီလ(၂၆)ရက်တွင် ‌ဗဟိုကော်မတီက သတင်းထုတ်ပြန်လာသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း(KIO)‌အနေဖြင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး တောင်းတနေသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာရေးအတွက် လက်တွဲဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းများ အားလုံးနှင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် အသိပေးထားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်နှင့် ကြုံတွေ့နေရသော အခက်အခဲများအား ဖြေရှင်းနိုင်ရန် အာဏာစိုက် ကြိုးပမ်းနေကြသော အာဆီယံနိုင်ငံများ၊ UN၊ SAC-M(Special Advisory Council for Myanmar)တို့၏ ကြိုးပမ်းမှုကိုလည်း ကြိုဆိုသည်ဟု ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ကြုံတွေ့နေရသော ပြဿနာ အကြပ်အတည်းများအား ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(အာဏာသိမ်း စစ်ကောင်စီ)သည် တရားမျှတမှုကို အခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသဘောထားများကို တန်ဖိုးထားရန် လိုအပ်သည်ဟု ထုတ်ပြန်ထားသည်။

အရပ်ဘက်လူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေမှု မပြုလုပ်ရေး၊ ပဋိပက္ခဒဏ် ခံစားနေရသော ပြည်သူလူထုအား အကာအကွယ်ပေးရေး၊ အစားအစာ လုံခြုံမှု၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကိစ္စရပ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးကိစ္စရပ်များကို နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် ပိုမိုထိရောက်စွာ ကူညီဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency