မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးထပ်ကြဲ

မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးထပ်ကြဲ

ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့ နေ့လယ်(၁၂)နာရီကျော်တွင် ဂျက်ဖိုက်တာ (၃)စီးဖြင့် ပေါင်(၅၀၀)ဗုံး (၃)ကြိမ် ကြဲချတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များသည် မင်းတပ်မြို့ပေါ် နေရာများကို ပတ်ပျံသန်းပြီးနောက် ပေါင်(၅၀၀)ဗုံးများဖြင့် (၃)ကြိမ် ကြဲချသွားခြင်းဖြစ်ကာ ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ မသိရသေးဟု ဆိုသည်။

“မနက်ပိုင်းကလည်း ဂျက်ဖိုက်တာ(၂)စီးနဲ့ မင်းတပ်မြို့ပေါ်နေရာတွေကို ပေါင်(၅၀၀)ဗုံးကော ဗုံးအသေးတွေပါ (၂)ကြိမ် ကြဲချသွားတယ်။ Y-8 လေယာဉ်တွေလည်း မြို့ပေါ်ကော၊ ကျေးရွာတွေဘက်ပါ ကင်းထောက်နေတယ်။ ဆောနယ်တစ်ဝိုက်ကိုလည်း ကင်းထောက်နေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ထို့အပြင် နိုဝင်ဘာလ(၁၁)ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီတပ်သည် ခေါနူးရိပ်သာအောက် မိန်းကားလမ်းမဘေးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ဆိုသည်။

ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်သည် လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းပြီး နောက် Y-12 လေယာဉ်ဖြင့် မင်းတပ်မြို့ပေါ်ကို ဗုံးအလုံး (၃၀)ကျော် ကြဲချတိုက်ခိုက်သွားကြောင်း သိရသည်။

နိုဝင်ဘာလ (၁၀)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်များ မင်းတပ်မြို့ အရှေ့ပြင် မင်းတပ်ဟိုတယ်အောက် ကားလမ်းမဘေးရှိနေအိမ်များပေါ် ကျရောက်ပေါက်ကွဲကာ နေအိမ်များ မီးလောင်ပျက်စီးသည်ဟု သိရသည်။

နိုဝင်ဘာလ (၉)ရက်နေ့ကစတင်ပြီး မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်နေပြီး ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်က ဗုံးအလုံး(၃၀)ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံများလည်း မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

#TachileikNewsAgency

Photo: Ĥkl Mindat (နိုဝင်ဘာလ (၁၀)ရက်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် မင်းတပ်မြို့ကို ပစ်ခတ်စဉ်)