မတူပီတိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီက ဘာသာရေး အဆောက်အုံများနှင့် လူနေအိမ်များကို အဓိက ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့

မတူပီတိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီက ဘာသာရေး အဆောက်အုံများနှင့် လူနေအိမ်များကို အဓိက ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့

 ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဘာသာရေး အဆောက်အအုံများနှင့် ပြည်သူ‌နေအိမ်များကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)က ဇူလိုင်လ ( ၂ ) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

 



စစ်ကောင်စီမှ ၂၀၂၄ ခုနှစ် ဇွန်လ ( ၂၉ ) ရက်နေ့ မတိုင်ခင် တိုက်ပွဲအတွင်း မတူပီမြို့ရှိ ခရစ်ယာန်တို့၏ အထွဋ်အမြတ်ထားသည့် ဘာသာရေးအဆောက်အအုံများကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခြင်းကြောင့် မတူပီမြို့နယ်ရှိ ယူနီယံ ဓမ္မကောလိပ် Union Theological College (UTC) ၊ မတူပီနှစ်ခြင်း အသင်းတော် ( Matupi Baptist Church ) နှင့် ထပ်ဒွန်းနှစ်ခြင်းဘုရားကျောင်း ( That Dun Memorial Baptist Church ) တို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ချင်းညီနောင်စစ်ဆင်ရေး Operation CB အဖြစ် မတူပီမြို့သိမ်းတိုက်ပွဲကို ဇွန်လ ( ၉ ) ရက်နေ့ မနက်ပိုင်းတွင် ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် အာရက္ခတပ်တော် ( AA ) ၊ Yaw Army ( YA ) နှင့် Yaw Defense Force ( YDF ) တို့ အတူပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဇွန်လ ( ၂၉ ) ရက်နေ့တွင် မတူပီမြို့အား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

မတူပီမြို့ လုံခြုံရေး ၊ ပြန်လည်တည်ဆောက်ရေးနှင့် ဒဏ်ရာရ ရဲဘော်များ ကုသစောင့်ရှောက်ရေးနှင့် အခြားသော နောက်ဆက်တွဲ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုအနေဖြင့် ဆက်လက်ပူးပေါင်းကူညီဆောင်ရွက်ပေးရန် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) မှ တိုက်တွန်းထားသည်။



 

Photo: Chinland Defense Force Matupi - Brigade 1